ကာလရှည်ကြာဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ စစ်ပွဲကြီး

mdn

ထွန်းသစ်စ - ရေးသားသည်

 

အီးယူနိုင်ငံအတော်များများကတော့ သူတို့ရဲ့ နယ်စပ်တွေကို ပြန်လည်ဖွင့်လှစ်ပေးနေသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဘရုတ်မှာ ထပ်မံကူးစက်ခဲ့သလို အမေရိကန်နိုင်ငံမှာလည်း သူ့ကြောင့်ပဲ သေဆုံးမှုနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ ဘာကိုပြသလဲဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကြောက် စရာကောင်းပြီး သတိထားရဦးမယ်ဆိုတာပဲ ဖြစ်ပါတယ်။

 

ကိုဗစ်-၉ ကပ်ရောဂါဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူပေါင်းရှစ်သန်းကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံက စတင်လာတဲ့ ဒီရောဂါကြောင့် သေဆုံးသူတွေဟာလည်း ၄၃၅၀၀၀ ကျော်လာပါပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

ရောဂါဖြစ်ပွားမှုမြင့်တက်လာ

 

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုဟာ လက်တင်အမေရိကနဲ့ မြေထဲပင်လယ်ဒေသတွေမှာ မြင့်တက်လာနေပါတယ်။ အဲဒီဒေသ တွေမှာသေဆုံးသူတွေဟာ ၈၀၀၀၀ ကျော်လာပါပြီ။ အထူးသဖြင့် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းအများဆုံးဖြစ်ပွားခဲ့တဲ့ နိုင်ငံကတော့ ဘရာဇီးနိုင်ငံ ဖြစ်လာပါတယ်။ ဘရာဇီး နိုင်ငံဟာ ကိုဗစ်-၁၉ ကြောင့်သေဆုံးမှုနှုန်းနဲ့ကူးစက်မှုနှုန်းမှာ ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယအများဆုံး နိုင်ငံဖြစ် လာပါတယ်။

 

အီရန်၊ အိန္ဒိယနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေမှာလည်း ကိုဗစ်၁၉ ကူးစက်ခံရမှုတွေနဲ့အတူသေဆုံးမှုတွေလည်း ထပ်မံမြင့်တက် လာပါတယ်။ ကိုဗစ်-၁၉ ဟာ ကာလရှည်ကြာဖြစ်ပွားလာတဲ့ ရောဂါစစ်ပွဲကြီးတစ်ခု အသွင်ဆောင်လာတဲ့အတွက်ကြောင့် ကမ္ဘာကြီးအနေနဲ့လည်း ကောင်းကောင်းနဲ့ ခုခံနေရဦးမှာ ဖြစ်သလို စိုးရိမ်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

 

ကိုဗစ်-၁၉ စတင်ဖြစ်ပွားလာချိန်ကတည်းကနေ အခုချိန်အထိ ငါးလကျော်ကြာခဲ့ပါပြီ။ သို့သော်လည်းပဲ စိတ်ချရတဲ့အခြေ အနေမရှိသေးဘဲသတိနဲ့နေထိုင်နေရတဲ့အခြေအနေမှာပဲရှိပါသေး တယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ ဥရောပနိုင်ငံတွေမှာ ကျဆင်းလာမှုနဲ့အတူ အစိုးရတွေကလည်း ကန့်သတ်ပိတ်ဆို့ မှုတွေအပေါ် ဖြေလျှော့မှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ သို့သော်လည်း ယိုယွင်းနေတဲ့ စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကတော့ လွယ်လွယ်နဲ့ ပြန်လည်ထူထောင်လာ မယ့် အခြေအနေမရှိသေးပါဘူး။ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

 

နယ်စပ်ကန့်သတ်ချက်တွေ ဖြေလျှော့

 

ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီနဲ့ ဂရိနိုင်ငံတွေလည်း တခြား အီးယူနိုင်ငံတွေနည်းတူ နယ်စပ်ကန့်သတ်ချက် တွေကို ဖြေလျှော့ ပေးခဲ့ပါတယ်။ စပိန်နိုင်ငံမှာဆိုရင် ဂျာမနီခရီးသွားတွေဟာ ဘဲလီယာရစ်ကျွန်းတွေကို အစပျိုးခရီးစဉ်အနေနဲ့ သွားရောက် ခဲ့ကြပါတယ်။

အီးယူဟာ ဘာသာစကား ၂၄ မျိုးအသုံးပြုနိုင်တဲ့ Re- Open EUဆိုတဲ့ အက်ပလီကေးရှင်းတစ်ခုကိုတောင် စတင်သုံးစွဲခဲ့ပါတယ်။ အဲဒီအက်ပလီကေးရှင်က ခရီးသွားတွေကို ဘယ်နိုင်ငံတွေ ကို သွားရောက်နိုင်ပြီလဲဆိုတာကို ဖော်ပြပေးထားပါတယ်။

 

ဘရပ်ဆဲလ် ဇာဗန်တင်လေဆိပ်မှာလည်း ခရီးသွားတွေ ရှိနေပါတယ်။ အဲဒီ ခရီးသွားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဗျိုင်းကာမယ်ဆိုတဲ့ ကျောင်းသားတစ်ယောက်ဟာ ပြင်သစ်မှာ ရှိတဲ့ သူ့အဖေဆီကိုသွားဖို့လေယာဉ်ထွက်ခွာမှာကို စောင့်ဆိုင်း နေပါတယ်။ " သူနဲ့မတွေ့ရတာ ငါးလလောက်ရှိပြီး စာမေးပွဲဖြေ ဆိုမှုလည်း မပြီးပြတ်သေးပါဘူး။ ဒါပေမယ့် အဲဒါတွေကို အွန်လိုင်းက ဖြေလိုက်တယ်။ အကျိုးတော့ အများကြီးရှိပါတယ်လို့ သူက ပြောလိုက်ပါတယ်။

 

မတ်လကတည်းက အထီးကျန်ခဲ့တဲ့ အင်္ဂလန်မှာရှိတဲ့ ဈေးဆိုင်တွေ၊ ပြင်ပဆွဲဆောင်စရာတွေဟာ အခုဆိုရင် သူတို့ရဲ့ ပထမဆုံးဖောက်သည်တွေကို ကြိုဆိုနေကြပြီ ဖြစ်ပါတယ်။ ဥရောပမှာတော့ ဗြိတိန်ဟာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ စီးပွားရေးကျဆင်းမှုတွေ ဧပြီလမှာ ငါးပုံပုံ တစ်ပုံလောက်ဖြစ်ခဲ့ တယ်လို့ လွန်ခဲ့တဲ့သီတင်းပတ်က သတင်းတွေမှာဖော်ပြပြီးနောက်မှာ အလုပ်တွေကို ပြန်လုပ်ဖို့ ဆိုတာကလည်း စိုးရိမ်မှုတွေ ရှိနေပါသေးတယ်။

 

ပြန်လည်စတင်

 

ပါရီမြို့မှာလည်းကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို သုံးလကြာ ကန့်သတ်ပိတ်ဆို့မှုတွေပြုလုပ်ပြီး နောက်မှာ အခုတော့ အားအင်အပြည့်နဲ့ လုပ်ငန်းတွေ ပြန်လည်စတင်လုပ်ကိုင် နေကြပြီ ဖြစ်ပါတယ်။

 

အခုအချိန်မှာမေးခွန်းထုတ်ရမှာတော့ ဒီလိုအခြေအနေတွေမှာ ဖောက်သည်တွေက လာရောလာကြမှာလား ဆိုတာပဲဖြစ်ပါ တယ်လို့ ပါရီမြို့လယ်မှာရှိတဲ့ လာအေမီရ်ဆိုင်က မန်နေဂျာ တစ်ဦးဖြစ်တဲ့ အဲဘတ်အိုင်ဒန်က ပြောပါတယ်။

 

ကျန်ရှိနေတဲ့ ဒုတိယလှိုင်း

 

သို့သော်လည်း ကိုဗစ်-၁၉ စိုးရိမ်ဖွယ် ဒုတိယလှိုင်းကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ထပ်မံ ကူးစက်မှုဖြစ်ပွားတယ်ဆိုတဲ့သတင်းက ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဂယက်ကို ပိုလို့တောင် ကျိန်းသေသလို ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ ကိုဗစ်-၁၉ ကူးစက်မှုအသစ်ထပ်မံတွေ့ရှိ ခဲ့တာနဲ့အညီ ထပ်မံပျံ့နှံ့မှု မဖြစ်ပွားအောင် မြို့တော်ပေကျင်းရဲ့ နေရာအချို့ကို အသွား အလောကန့်သတ်ပိတ်ဆို့ လိုက်ပါတယ်။

 

ဇွန် ၁၆ ရက်က မြို့ တော်ပေကျင်းမှာ နောက်ထပ် ကိုဗစ်( ၁၉ ကူးစက်ခံရသူ ၂၇ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း တရုတ် အာဏာပိုင်တွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ငါးရက်အတွင်း တွေ့ရှိခဲ့တဲ့သူအရေအတွက်နဲ့ အခုတွေ့ရှိတဲ့သူအရေအတွက်ဟာ အခုဆိုရင် ၁၀၆ ဦးအထိ ဖြစ်လာပါတယ်။

ထပ်မံဖြစ်ပွားလာတဲ့ ကိုဗစ်-၁၉ အစုလိုက်တွေ့ရှိမှုဟာ အစားအစာလက်ကားဈေးကြီးက စတင်ခဲ့တာဖြစ်တဲ့အတွက် အနီးဝန်းကျင်ဒေသ၊ ရပ်ကွက်ပေါင်း ၂၀ လောက်အထိ အသွား အလာကန့်သတ်ပိတ်ဆို့လိုက်ပြီး လူပေါင်းထောင်ချီစမ်းသပ် စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

 

 လူ့အသက်ကိုခြိမ်းခြောက် စီးပွားရေးကိုယိမ်းယိုင်စေ

 

ကိုဗစ်-၁၉ အကျပ်အတည်းဟာ လူ့အသက်ပေါင်းများစွာ ကို ခြိမ်းခြောက်လျက်ရှိပြီး ကမ္ဘာ့စီးပွားရေးကိုလည်း ယိမ်းယိုင် စေပါတယ်။ သူ့ကို ထိရောက်စွာကာကွယ်ဟန့်တားနိုင်ပြီလား ဆိုတေလည်း မဟုတ်သေးပါဘူး။ ပိုဆိုးတာက ကမ္ဘာ့အချို့ နေရာတွေမှာ ကူးစက်မှုတွေ ပြန်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

 

လက်တင်အမေရိကမှာလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံး သတင်းတွေဟာ စီးပွားရေးယိုယွင်းနေတယ်ဆိုတဲ့ သတင်းတွေ နဲ့အတူ စိတ်မကောင်းဖွယ်ရာ ကြားသိရပါတယ်။ ပီရူးနိုင်ငံမှာ ဧပြီလအထိ စီးပွားရေးကျဆင်းမှုဟာ ၄၀ ရာခိုင်နှုန်းလောက် အထိဖြစ်ခဲ့ပါတယ်။ ချီလီနိုင်ငံမှာလည်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်အပေါ် ရှုပ်ထွေးမှုတွေ ဖြစ်လာပြီး ကျန်းမာရေးဝန်ကြီး နုတ်ထွက်ပြီး နှစ်ရက်ကြာပြီးနောက်မှာ နောက်ထပ်အရေးပေါ် ကာလကို သုံးလထပ်မံတိုးမြှင့်ခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စုမှာတော့ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး ရောထွေးနေတဲ့ သတင်းတွေနဲ့အတူ မတ်လကတည်းကစကာ တစ်နေ့တည်းသေဆုံးသူ အရေအတွက်ဟာ ၃၈၅ ဦးထက်လျော့နည်းခဲ့တယ်ဆိုပြီး ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြ ထားပါတယ်။ နှစ်ရက်ဆက်တိုက် ၄၀၀ အောက်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စုဟာ အခုချိန်အထိတော့ ကမ္ဘာမှာ ကိုဗစ်-၁၉ ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့နိုင်ငံစာရင်းက အနည်းငယ်တောင် ပြောင်းလဲမှု မရှိပါဘူး။ အခုဆိုရင် ကိုဗစ် - ၁၉ ကြောင့် သေဆုံးမှုတွေဟာ ၁၁၆၀၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

 

ဆုံးဖြတ်ချက်ရဲရင့်သူကြီး

အမေရိကန်သမ္မတကတော့ ဆုံးဖြတ်ချက်ရဲရင့်သူကြီး ဖြစ်ပါတယ်။ သူကတော့အကယ်၍နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ဒုတိယ လှိုင်းဂယက်ထပ်မံပေါ်ပေါက်လာတာတောင် စီးပွားရေးပိတ်ဆို့မှု တွေ မလုပ်ဘူးလို့ ပြောပါတယ်။ အော်စကာဆုပေးပွဲကို နှစ်လကြာ နောက်ဆုတ်လိုက်ပါတယ်။ အမေရိကန်က ကိုဗစ်-၁၉ ကုသတဲ့နေရာမှာ ထိရောက်မှုမရှိတဲ့ ဟိုက်ဒရောက်စီ ကလိုရိုကွင်း နဲ့ ကလိုရိုကွင်းဆေးအသုံးပြုမှုတွေကိုလည်း ပြန်လည်ရုပ်သိမ်း လိုက်ပါတယ်။

 

ကိုဗစ်-၁၉ ကြောင့် နှစ်ရက်ဆက်တိုက် အယောက် ၁၀၀ ကျော် သေဆုံးခဲ့တဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံမှာလည်း တစ်ဦးနဲ့ တစ်ဦးခပ်ခွာခွာနေထိုင်ရမယ့် တင်းကျပ်တဲ့ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။ ဆော်ဒီ အာရေဗျနိုင်ငံမှာလည်း သေဆုံးသူ အယောက် ၁၀၀၀ ကျော်လာ ခဲ့ပါတယ်။

 

လူဦးရေ ၁၅ သန်းလောက်ရှိတဲ့ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့နဲ့ အိမ်နီးချင်းဒေသတွေမှာလည်း အသွားအလာကန့်သတ်မှုတွေကို နောက်တစ်ကြိမ်ပြန်လည်ပြဋ္ဌာန်းခဲ့ပါတယ်။ လူဦးရေ ၁ ဒသမ ၂ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ ကျန်းမာရေးဆိုင်ရာစနစ် တွေကို ကြိုတင်ပြင်ဆင်ထားဖို့သတိပေးထားပါတယ်။

 

တကယ်တမ်းဆိုရင်တော့ လက်ရှိအခြေအနေတွေအရ ကိုဗစ်-၁၉ ကင်းဝေးပြီး ကမ္ဘာကြီးပုံမှန်အခြေအနေ ပြန်လည် ရောက်ရှိဖို့ဆိုတာ ဝေးကွာနေပါသေးတယ်။

 

ကိုးကား - အေအက်ဖ်ပီ