၁၀  မတ်

ကျိုတိုမှ ပေးစာများ - ၁၉

အီနိုရှီးမားကျွန်းသို့ ဝင်ရောက်လည်ပတ်ပြီးနောက် အီနိုရှီးမားဘူတာမှ ကာမာကူရဘုရားသို့ အီနိုရှီးမား လျှပ်စစ်ရထားဖြင့် ထွက်ခွာလာရာ မွန်းလွဲ ၁ နာရီ ခွဲခန့်တွင် ကာမာကူရဘုရားနှင့် အနီးဆုံးဘူတာ ဖြစ်သည့် ဟဆဲဘူတာရုံသို့ ရောက်ရှိသည်။ အီနိုရှီးမားဘူတာမှ ဟဆဲဘူတာအထိ လမ်းတွင် ငါးဘူတာခန့် ဖြတ်သန်း ခုတ်မောင်းခဲ့ပြီး အချိန် ၂၅ မိနစ်ခန့် ကြာမြင့် ကာ ယန်း ၂၆၀ ကျသင့်သည်။ ဟဆဲဘူတာ ရောက်သော် ပါလာသောလက်ဆွဲအိတ် များကို ဟဆဲဘူတာရုံရှိ ပစ္စည်းများ ထားသိုရာနေရာတွင် ထားခဲ့ပြီး ကာမာကူရ ဘုရားရှိရာဘက်ဆီ လမ်းလျှောက်ထွက်ခွာ လာခဲ့သည်။

ဘူတာရုံမှ ကာမာကူရဘုရားတည်ရှိရာ ခိုတိုးခုအင်းဘုရားကျောင်းဆီသို့၁၀ မိနစ်ခန့် လမ်းလျှောက်ရပါသည်။ လမ်းတစ်လျှောက် လမ်းညွှန်ဆိုင်းဘုတ်များတွင် အခြားနာမည်ကြီး ဘုရားကျောင်းများဖြစ်သော ဟဆဲသဲယဘုရားကျောင်း၊ ခိုဆိုး ခုဘုရားကျောင်း စသည်တို့ကိုတွေ့ရှိရာ ကာမာကူရ ဘုရားမှအပြန် အချိန်ရလျှင် ဝင်ရောက် မည်ဟု တွေးထားလိုက်သည်။

ဂျပန်နိုင်ငံတွင် ကမာကူရဘုရားကို အင်္ဂလိပ်လို ကြီးမြတ်သော ကာမာကူရ ဘုရားကြီး၊ ဂျပန်လို ကြီးမားသော ကာမာကူရရုပ်ပွားတော်ကြီးဟု သုံးနှုန်းပါသည်။ ဂျပန်နိုင်ငံတွင် ထုထည်ကြီးမားသော ဗုဒ္ဓရုပ်ပွားတော်ကြီးများကို ယေဘုယျ ဒိုင်းဘုဆုဟုအသုံးပြုပါသည်။ စာရေးသူတို့ မြန်မာများကတော့ အလွယ်ပင် ကာမာကူရ ဘုရားဟု ခေါ်ပါသည်။ ကာမာကူရဘုရားသို့ ရောက်ဖူးသည့်တိုင် ဘုရားသည် မည်သည့်နေရာတွင် ရှိသည်၊ မည်သည့်မြို့တွင် ရှိသည်ဟု သေချာမသိကြသူ များစွာရှိပါသည်။ အလွယ်တကူ တိုကျိုနဲ့ သိပ်မဝေးဘူးဟုသာ ပြောတတ်ကြသည်။ ကမာကူရဘုရား တည်ရှိသည့် ဘုရားကျောင်းအမည်ကိုပင် ကာမာကူရ ရောက်ဖူးသည့် မြန်မာအများစု မသိရှိကြပါ။ ကမာကူရဘုရားနှင့်ပတ်သက် ပြီး ရေးသားထားသော မြန်မာဆောင်းပါး များစွာရှိပါလိမ့်မည်။ ယခုဆောင်းပါးကို စာရေးသူ၏ ကိုယ်တွေ့အတွေ့အကြုံများနှင့် ဘုရားကြီးအကြောင်း ဗဟုသုတဖြစ်ဖွယ်ရာ များကို စုဆောင်းတင်ပြသွားပါမည်။

ကာမာကူရဘုရား (Kamakura Pagoda)

ကာမာကူရဘုရားသည် ကာနာဂါဝါ ခရိုင် ကမာကူရမြို့ ခိုတိုးခုအင်း ဘုရားကျောင်းဝင်းအတွင်း တည်ရှိသည်။ ဘုရား ကြီး၏လိပ်စာအတိအကျမှာ +2-28 Hase, Kamakura City, Kanagawa Prefecture 248-0016, Japan ဖြစ်သည်။ ကာမာကူရဘုရားကို ၁၂၅၂ ခုနှစ်တွင် တည်ထားခဲ့ပြီး မူလတည်ထားစဉ်ကာလက ဘုရားမှာ အမိုးအကာ အဆောက်အဦနှင့် ဖြစ်သော် လည်း အဆိုပါ အဆောက်အဦများမှာ ၁၃၃၄ နှင့် ၁၃၆၉ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော တိုင်ဖွန်းလေမုန်တိုင်းများနှင့် ၁၄၉၈ ခုနှစ် တွင် ဖြစ်ပွားခဲ့သော မြေငလျင်များကြောင့် မကြာခဏ ထိခိုက်ပျက်စီးခဲ့ရပြီး ၁၅ ရာစုနှောင်းပိုင်း ၁၄၉၈ ခုနှစ်မှစ၍ ဘုရားကြီးတွင် မည်သည့် အမိုးအကာမှ မထားရှိတော့ သည်မှာ ယနေ့တိုင်ပင် ဖြစ်တော့သည်။ ထိုကြေးဘုရားကြီးကို မည်သူက သွန်းလုပ် ထုဆစ်ခဲ့သည်ကို တိကျစွာမသိရသော်လည်း ဘုရားကြီးကို ဗုဒ္ဓဘာသာ အထူးထွန်းကား ခဲ့သော ကာမာကူရခေတ် ၁၁၉၂-၁၃၃၃ ၏ ထင်ရှားသော လက်ရာတစ်ခုအဖြစ် အသိအမှတ်ပြုကြသည်။

ခိုတိုးခုအင်းဘုရားကျောင်းဝင်းအတွင်း ကာမာကူရဘုရားကြီးကို ဗဟိုပြုလျက် တစ်ထပ်သစ်သားဆောင်များ၊ ရှေးဟောင်း ခန်းမဆောင်တစ်ခု၊ ဘုရားအုပ်ချုပ်ရေးရုံး၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ အမှတ်တရ ကျောက်စာတိုင်များ၊ အထိမ်းအမှတ် သစ်ပင်များ ရှိပါသည်။ ဘုရားကြီးအနောက် ဘက်ဝင်းအတွင်း အဲဒိုခေတ် ၁၆၀၃-၁၈၆၈ နှောင်းပိုင်းလက်ရာ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပယ်နေသည့် ကန်ဂတ်ဆုဒိုခန်းမဆောင် တည်ရှိသည်။ ကျောင်းဝင်းနေရာ အနှံ့တွင် ပုံစံအမျိုးမျိုးနှင့် စိုက်ထူထားသော ကျောက်တုံး၊ ကျောက်စာတိုင်၊ ကျောက်စာချပ် ၂၀ ကို တွေ့ရမည်ဖြစ်ပြီး အဆိုပါ ကျောက်စာ တိုင်များပေါ်တွင် ဘုရားကျောင်းသမိုင်းနှင့် ဆက်နွယ်သူများဖြစ်သည့် ယူတန်ရိုနှင်၊ ယိုဆနိုအာကိကို၊ ခနဲကိုခုနတို့၏ အဆိုအမိန့်များ၊ ကဗျာများကို ရေးထိုးထားသည်။ ထို့အပြင် ယခင် သီရိလင်္ကာသမ္မတ J.R. Jayewardene (၁၉၀၆-၁၉၉၆) အမှတ်တရ ကျောက်စာတိုင်နှင့် ထိုင်းတော်ဝင်ဘုရင့်မိသားစုဝင်များ ဖြစ်သော King Prajadhipok (၁၈၉၃-၁၉၄၁)၊ Crown Prince Vajirayudh (၁၈၈၀-၁၉၂၅)၊ Prince Vajiralongkorn (၁၉၅၂-) တို့ စိုက်ပျိုးထားသော အထိမ်းအမှတ်သစ်ပင်များ လည်း တွေ့နိုင်သည်။

ကာမာကူရဘုရားကြီး ဘေးအနီးရှိ အဆောင်တစ်ခုအတွင်းဘက်တွင် ကောက်ရိုးဖြင့် ပြုလုပ်ထားသော အလျား ၁ ဒသမ ၈ မီတာ (၅ ဒသမ ၉၀ ပေ)၊ အနံ သုည ဒသမ ၉ မီတာ (၃ ဒသမ ၀၀ ပေ)၊ အလေးချိန် ၄၅ ကီလိုဂရမ် (၉၉ ပေါင်) ရှိသော ဂျပန်ရိုးရာ ကောက်ရိုး ကြိုးသိုင်းဖိနပ်တစ်ရန် ချိတ်ဆွဲထားရှိသည်။ အဆိုပါ ကောက်ရိုးဖိနပ်ကြီးကို ၁၉၅၁ ခုနှစ်တွင် အီဘာရာကိခရိုင် ဟိတချိအိုတမြို့ မက်ဆူဇာကာ ကလေးများကလပ်မှ ကလေးငယ်များက ဘုရားကြီး၏ ခြေတော် အတိုင်းအထွာကိုမှန်းဆ၍ ကောက်ရိုးဖြင့် ရက်လုပ်ကာ ဘုရားထံလှူဒါန်းခဲ့သည်ဟု သိရသည်။

၁၉၅၁ ခုနှစ်တွင် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်၏ ဒဏ်ရာဒဏ်ချက်များမှ ပြန်လည်နာလန်ထူလာကာစ ဖြစ်လေရာ ကလေးများအတွေးဖြင့် ကြီးမြတ်သော ကာမာကူရဘုရားကြီးသည် တစ်နေ့ အမှန်ရှင်သန် နိုးထလာပြီး ဂျပန်နိုင်ငံတစ်ဝန်းလှည့်လည်ကာ ကောင်းချီးမင်္ဂလာ ပေးသနားစေလိုသည့်ဆန္ဒဖြင့် ရက်လုပ် လှူဒါန်းခဲ့ကြသည်ဟု သိရသည်။ မက်ဆူဇာကာ ကလေးများကလပ်သည် ထိုအစဉ် အလာကို ထိန်းသိမ်းကာ ၁၉၅၆ ခုနှစ်မှစ၍ ယနေ့တိုင် သုံးနှစ်တစ်ကြိမ် ကောက်ရိုးဖိနပ်ကြီးများ ရက်လုပ်ကာ ကာမာကူရဘုရားထံ ကပ်လှူပူဇော်သည်ဟု သိရသည်။

ကာမာကူရဘုရားကြီး၏အရွယ်အစားကို လေ့လာမည်ဆိုလျှင် အောက်ခံခုံ အပါအဝင် အမြင့် ၁၃ ဒသမ ၃၅ မီတာ (၄၃ ဒသမ ၈၀ပေ)၊ အောက်ခံခုံမပါ ဘုရားချည်း အမြင့် ၁၁ ဒသမ ၃၁ မီတာ (၃၇ ဒသမ ၁၁ ပေ)၊ မျက်နှာတော် အလျား ၂ ဒသမ ၃၅ မီတာ (၇ ဒသမ ၇၁ ပေ)၊ မျက်လုံးတော် အလျား ၁ မီတာ (၃ ဒသမ ၂၈ ပေ)၊ ပါးစပ်တော် အလျား သုည ဒသမ ၈၂ မီတာ (၂ ဒသမ ၆၉ ပေ)၊ နားတော်အရှည် ၁ ဒသမ ၉၀ မီတာ (၆ ဒသမ ၂၃ ပေ)၊ နဖူးတော် အလယ် အဖုအရွယ်အစား သုည ဒသမ ၁၈ မီတာ (သုညဒသမ ၆၀ ပေ) (ဂျပန်လိုByakugo ဟုခေါ်ပါသည်)၊ ဦးခေါင်းတော် သင်းကျစ် အဖုအထစ် ၆၅၆ ခုနဲ့ အလေးချိန် ၁၂၁ တန် ရှိပါသည်။ နာရာမြို့ တိုးဒိုင်းဘုရားကျောင်းမှာ တည်ရှိတဲ့ နာရာဘုရားကြီးဟာ အောက်ခံခုံ အပါအဝင် အမြင့် ၁၈ ဒသမ ၀၃ မီတာ (၅၉ ဒသမ ၁၅ ပေ)၊ အောက်ခံခုံမပါ ဘုရားချည်း အမြင့် ၁၄ ဒသမ ၉၈ မီတာ (၄၉ ဒသမ ၁၅ပေ)၊ အလေးချိန်တန် ၂၅၀ ရှိတဲ့အတွက် ဒီခိုဆိုးခုဂျိ ဘုရားကျောင်းဝင်းအတွင်းမှာရှိတဲ့ ကမာကူရ ဘုရားကြီးဟာ ဂျပန်နိုင်ငံမှာ ဒုတိယ အကြီးမားဆုံး ထိုင်တော်မူ ကြေးဗုဒ္ဓရုပ်ပွား တော်စာရင်းဝင်ပါသည်။

ကိုယ်တွေ့ ကာမာကူရဘုရား

စာရေးသူ ကာမာကူရဘုရားသို့ ပထမဆုံးအကြိမ် ရောက်ဖြစ်ခဲ့သည်မှာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိခြင်း ဖြစ်ပါသည်။ တိုကျိုမှ ကာမာကူရဘုရားသို့ ရထားဖြင့် လမ်းကြောင်းနှစ်ခုမှ သွားရောက်နိုင်သည်။ ပထမတစ်ကြောင်းမှာ တိုကျိုမှ ကာမာကူရဘူတာရုံသို့ အာယိုကုဆူကာလိုင်းဖြင့် တိုက်ရိုက်သွားရောက်ခြင်း ဖြစ်သည်။ သို့သော် ထိုကာမာကူရဘူတာရုံမှာကာမာကူရဘုရားသို့ သွားရမည့် ဘူတာရုံမဟုတ်ဘဲ ထိုကာမာကူရ ဘူတာရုံတွင် ကမာကူရဘုရားနှင့် အနီးဆုံးဘူတာရုံဖြစ်သည့်ဟဆဲဘူတာရုံသို့နောက်ထပ် အီနိုရှီးမားလျှပ်စစ်ရထား ပြောင်းစီးရသည်။

ကာမာကူရဘူတာမှ ဟဆဲဘူတာအထိ စုစုပေါင်း လေးဘူတာရှိကာ ခုနှစ်မိနစ်၊ ရှစ်မိနစ်ခန့် ကြာမြင့်ပါသည်။ ဒုတိယ တစ်ကြောင်းမှာ တိုကျိုမှ ကာမာကူရဘုရားနှင့် အနီးဆုံးဘူတာရုံဖြစ်သည့် ဟဆဲဘူတာရုံသို့ စာရေးသူသွားခဲ့သည့် အီနိုရှီးမားကျွန်းဘက်မှ ပတ်သွားခြင်းဖြစ်သည်။ ထိုလမ်းကြောင်း အတိုင်း သွားမည်ဆိုလျှင် ပထမတိုကျိုမှ ဖူဂျီဆာဝါဘူတာရုံသို့ အိုဂျိကျူးလိုင်း သို့မဟုတ် ဂျေအာတိုကိုင်းဒိုးလိုင်းဖြင့် သွားရသည်။ ထို့နောက် ဖူဂျီဆာဝါဘူတာရုံမှ ဟဆဲဘူတာရုံသို့ နောက်ထပ် အီနိုရှီးမားလျှပ်စစ်ရထားပြောင်းစီးရသည်။ ဖူဂျီဆာဝါဘူတာမှ ဟဆဲ ဘူတာအထိ စုစုပေါင်း ၁၂ဘူတာ ရှိကာ အချိန် မိနစ် ၄၀ ခန့် ကြာမြင့်ပါသည်။ ဟဆဲဘူတာမှနောက်ထပ် သုံးဘူတာခန့် ဆက်စီးသွားပါက ရထားလမ်းဆုံးဖြစ်သော ကာမာကူရဘူတာရုံသို့ ရောက်ရှိမည်ဖြစ်သည်။ စာရေးသူသည် ကာမာကူရဘုရားသို့ မသွားမီလမ်းတွင် အီနိုရှီးမားကျွန်းသို့ ဝင်ရောက်လည်ပတ်ချင်သဖြင့် ဒုတိယလမ်းကြောင်းကို ရွေးချယ်ခဲ့ပါသည်။

လူတစ်ဦးအရွယ်အစားမက ကြီးမားသော အစောင့်အရှောက် အရုပ်နှစ်ရုပ် (Ni၀) ကို တွေ့ရမည် ဖြစ်သည်။ အဝင်မုခ်ဦးအနီးတွင် အမှတ်တရ ပစ္စည်းအရောင်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားသည်ကိုလည်း တွေ့ရသည်။ မုခ်ဦးအားကျော်လာပြီး နောက်ထပ် အဝင် ဂိတ်တစ်ခုသို့ မဖြတ်ကျော်မီ ကောင်တာ တွင် ဝင်ခွင့်လက်မှတ် ဝယ်ယူရပါသည်။ လက်မှတ်ခမှာ တစ်ဦးလျှင် ယန်း ၃၀၀ ကျသင့်ပြီး အသက်ခြောက်နှစ်မှ ၁၂ နှစ်အထိ ဆိုလျှင် ယန်း ၁၅၀ သာ ပေးရမည်ဖြစ်သည်။

လက်မှတ်ဝယ်ပြီး ဒုတိယဂိတ်ဝမှ ဝင်ဝင်ချင်း အထွတ်အမြတ်ထားသော နေရာများသို့ မသွားရောက်မီ လက်၊ ပါးစပ် ဆေးကြောသန့်စင်သော ဂျပန်ရိုးရာ အမိုးပါရှိသော အုတ်ရေကန်လေးတစ်ခု တွေ့ပါမည်။ ထိုနေရာတွင်ဘုရားဖူးအချို့ လက်ဆေးသန့်စင်နေကြသည်ကို တွေ့ပါသည်။ ထိုရေကန်လေးကို ကျော်လိုက်သည်နှင့် စိမ်းလန်းနေသည့် တောအုပ်၊ တောင်တန်း များ နောက်ခံဖြင့် ထိုင်တော်မူ ကာမာကူရ ဗုဒ္ဓရုပ်ပွားတော်ကြီးအား အကာအကွယ်မရှိ ရှင်းလင်းစွာ ဖူးတွေ့ရမည် ဖြစ်သည်။

လျှောက်လမ်းအတိုင်း ဘုရားကြီးရှေ့သို့ အသွားဘုရားကြီးမရောက်မီ ပထမလှေကား ထစ်များထိပ် ဘယ်၊ ညာတွင် လူတစ်ရပ်ခန့် မြင့်မားသော ကြေးတိုင်ကြီး နှစ်တိုင်ရှိပြီး ဒုတိယလှေကားထစ်များထိပ် ဘယ်၊ ညာတွင် အုတ်တိုင်အရှည်ပေါ်တွင် စိုက်ထူထား သည့်လူတစ်ရပ်မက မြင့်မားသော ကြေးဖြင့် ပြုလုပ်ထားသည့် ကြာပန်းကြီး တစ်ပွင့်စီ ရှိသည်။ ဘုရားကြီး ခပ်လှမ်းလှမ်း ဘေးနှစ်ဖက်နှင့် နောက်ဘက်ပတ်လည်တွင် တစ်ထပ် သစ်သားစောင်းတန်းများဖြင့် ဝန်းရံထားပြီး ဘယ်ဘက်စောင်းတန်းတွင် အမှတ်တရပစ္စည်းအရောင်းဆိုင်၊ ဘုရားကျောင်း အမှတ်တရအနီရောင်တံဆိပ် နှိပ်ပေးသည့်နေရာ၊ အုပ်ချုပ်ရေးရုံးစသည် ဖြင့်ရှိပြီး ဘုရားနောက်ဝင်းအတွင်း အခြားအမှတ်တရပစ္စည်းနှင့် စတိုးဆိုင်တစ်ဆိုင် ကိုလည်းတွေ့ရသည်။ မည်သည့်စားသောက်ဆိုင်မှ မတွေ့ရသဖြင့် တာဝန်ရှိသူတစ်ဦး မေးမြန်းရာဘုရားကျောင်းတွင် စားသောက်ဆိုင် မထားရှိပါဟု ဆိုပါသည်။

စာရေးသူ ကာမာကူရဘုရားကြီးအား အလှူငွေထည့်ဝင်၊ ဖူးမြော်ကြည်ညိုပြီးနောက် ရှေ့၊ နောက်၊ ဘေး ဘယ်၊ ညာ ပတ်လည်။ အနီး၊ အဝေး၊ အတွင်း၊ အပြင်မှ လေ့လာခဲ့ ပါသည်။ အမိုးအကာမဲ့ဘုရားကြီးသည် လူတစ်ရပ်မက မြင့်မားသော အုတ်ပလ္လင်တော်အထက်တွင် ကျန်းမာသန်စွမ်းသည့် ကိုယ်ထည်ဖြင့် တင်ပျဉ်ခွေထိုင်လျက် အနေအထား ဖူးတွေ့ရပြီး မျက်စိတော် မှိတ်လျက်တည်ငြိမ်စွာ တရားရှုမှတ်နေသည့် အသွင်သဏ္ဌာန် ဖြစ်ပါသည်။ ဘုရားကြီး သည် အစိမ်းရောင်ဖျော့ဖျော့ အရောင်အသွေး ရှိပြီး မျက်နှာတော်နှင့် ကိုယ်ထည်အနှံ့အပြား တွင် သဘာဝရာသီဥတုဒဏ်ကြောင့် မည်းညစ်နေသည့် နေရာအများအပြား ရှိလေရာ အစိမ်းရောင် ညစ်ပေပေနှင့် ဘုရားကြီး၏ အသွင်သဏ္ဌာန်မှာ သူ၏ လွတ်လပ်မှု၊ ရှေးကျမှု၊ အကြမ်းခံနိုင်မှုတို့ကို မေးခွန်းထုတ်စရာမလိုအောင် ညွှန်းဆိုဖော်ပြ နေပါသည်။ ဘုရားကြီး ပလ္လင်တော်ရှေ့တွင် အလှူခံသေတ္တာကြီးတစ်ခု ချထားပြီး အလှူခံသေတ္တာနှင့် ပလ္လင်တော်အကြားတွင် စားပွဲအမြင့်တစ်လုံးဖြင့် သစ်သီး၊ ဆွမ်းနှင့် ဘုရားပန်းများ ပူဇော်ထားသည်ကို တွေ့ရသည်။ အလှူခံပုံး၏နောက်တွင် အမွှေးတိုင်များ ထွန်းညှိသည့်အိုးကြီးသဖွယ် ကြေးအိုးကြီးတစ်ခုကို တွေ့ရသည်။ လူအများသည် အလှူခံပုံးရှေ့တွင် ငွေအကြွေစများ ထည့်ဝင်လှူဒါန်းရင်း ဘုရားကြီးအား မတ်တတ်ရှိခိုး ပူဇော်ကြသည်။ ဘုရားရှိရာ ရင်ပြင်တစ်ဝိုက်နှင့် ဘုရားကြီးအတွင်းသို့ ဝင်ရောက်ရာတွင် ဖိနပ်ချွတ်စရာမလိုဘဲ ဝင်၊ ထွက်သွားလာကြသည်ကို သတိပြုမိသည်။

စီးဖြာကျ

စာရေးသူ ကာမာကူရဘုရားကြီးအား အပြင်မှ ဖူးမြော်ကြည်ညိုပြီးနောက် ဘုရားကြီး အတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပါသည်။ အတွင်းသို့ ဝင်ကြေးမှာ တစ်ဦးလျှင် ယန်း ပြား ၂၀ ပေးရပါသည်။ ကာမာကူရဘုရားသည် အတွင်းတွင် ဟောင်းလောင်းပေါက်ဖြစ်လေရာ အတွင်းအလယ်မှာ မော့ကြည့်လျှင် ဦးခေါင်းတော် သင်းကျစ် အဖုအထစ်များအထိ အတိုင်းသား မြင်တွေ့ရပါသည်။ အတွင်းပိုင်းမှာ မှောင်ကြုတ်ကြုတ်ဖြစ်ပြီး ဘုရားနောက်ကျော အပေါ်ဘက်တွင် ပြတင်းချပ်သဖွယ် အပေါက် နှစ်ပေါက်ရှိလေရာ ပြတင်းတံခါးများ ဖွင့်ထား သဖြင့် ထိုမှ အပြင်အလင်းရောင်အချို့ ဘုရားကိုယ်ထည်အတွင်းပိုင်းသို့ စီးဖြာကျလျက် ရှိပါသည်။ ဘုရားအတွင်း အောက်ထပ်တွင်သာ လေ့လာနိုင်ပြီး အပေါ်သို့ တက်ရောက်ခွင့်မပြုပါ။ အတွင်းကိုယ်ထည်အား ကိုင်တွယ်ထိတွေ့ နိုင်ပြီး ဓာတ်ပုံ၊ ဗီဒီယိုများ လွတ်လပ်စွာ ရိုက်ကူးနိုင်ပါသည်။ ကာမာကူရဘုရားကြီးမှာ ရှေးဟောင်း ဂျပန်အမျိုးသား အမွေအနှစ်ဖြစ်သဖြင့် မိမိသဘောဖြင့် အမွှေးတိုင်များ ပူဇော်ခြင်း၊ အဆောင်ယတြာများ ထားရှိခြင်း၊ စာသားများကပ်ခြင်း၊ ဆေးသားများ ခြယ်သခြင်းများကို တင်းကျပ်စွာ တားမြစ်ထားပါသည်။

ဘုရားအတွင်းမှ ပြန်ထွက်လာပြီးနောက် ဘုရားနောက်ဘက်ဝင်းရှိ ကန်ဂတ်ဆုဒိုခန်းမ ဆောင်နှင့် အနီးအနားရှိ ကျောက်စာတိုင်များ၊ အထိမ်းအမှတ်သစ်ပင်များကို လေ့လာကြည့်ရှု ခဲ့ပါသည်။ စာရေးသူ ရောက်ရှိချိန်တွင် ကန်ဂတ်ဆုဒိုခန်းမဆောင်မှာ ဖွင့်ပေးမထားဘဲ အပြင်မှသာ ခန်းမဆောင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား စိတ်မှရည်မှန်း ဦးချခဲ့ပါသည်။ ခန်းမဆောင်ရှေ့နှင့် အနီးဝန်းကျင်တွင် မည်သည့်အလှူခံပုံးမှလည်း မတွေ့မိပါ။ ထို့နောက် ဘုရားရှိရာဘက်ဆီပြန်လာပြီး အနီးရှိလက်ဆောင်ပစ္စည်းအမှတ်တရဆိုင်တွင် ကာမာကူရ အမှတ်တရ လက်ဆောင် အချို့ဝယ်ကာ ဘုရားအားထပ်မံဖူးမြော်ရင်း ခိုတိုး ခုအင်းဘုရားကျောင်းကို နှုတ်ဆက် ထွက်ခွာ လာခဲ့ပါတော့သည်။

အထူးပင်သာယာ

ကာမာကူရဘုရားမှဟဆဲဘူတာသို့အပြန်လမ်းတွင် ကမာကူရမြို့၏ နာမည်ကျော် ဟဆဲသဲယဘုရားကျောင်းသို့ ဝင်ရောက်ခဲ့ပါ သည်။ ဝင်ကြေး တစ်ဦးလျှင် ယန်း ၄၀၀ ပေးရပြီး ဘုရားကျောင်းသည် ထင်မှတ်ထားသည်ထက် များစွာကျယ်ဝန်းနေပြီး အတွင်းမြင်ကွင်းများမှာ အထူးပင်သာယာလှပပါသည်။ ဘုရားကျောင်းအတွင်း အတန်ငယ်မြင့်သော တောင်ကုန်းငယ်တစ်ခုရှိပြီး ထိုတောင်ကုန်း သို့ လက်ရန်းပါသောလှေကားထစ်များစွာဖြင့် တစ်ဆင့်ပြီးတစ်ဆင့်တက်ပြီး အဆင့်တိုင်းမှ နောက်ပြန်လှည့်ကြည့်လျှင် ဟဆဲသဲယ ဘုရားကျောင်းနှင့် အိမ်ခြေများနှင့် ပြည့်နှက် နေသော သာယာလှပသည့်ပင်လယ်ကမ်းခြေ မြို့ ကမာကူရအား အဆုံးအစမဲ့ ပင်လယ်ကြီး နောက်ခံဖြင့် တွေ့မြင်ရမည်ဖြစ် သည်။

ယိုကိုဟားမားသို့ ခရီးနှင်

စာရေးသူ ရောက်ရှိချိန်သည် ညနေပိုင်း နေကျချိန်ဖြစ်ရာ ကာမာကူရမြို့လေးနှင့် ပင်လယ်ပြင်ကြီးသည် နေအရှိန်ဖြင့် ရွှေရောင် ပက်ဖျန်းထားသကဲ့သို့ မြင်တွေ့ခဲ့ရပါသည်။ ဂျပန်ရဲ့နေရာတိုင်းဟာလှပလွန်းလှပါတကား။ အမှောင်လည်း လွှမ်းစပြုပြီ။ ယိုကိုဟားမားသို့ ခရီးဆက်ရဦးမည်ဖြစ်သည်။ ဟဆဲသဲယမှ ဟဆဲဘူတာရုံသို့ ပြန်လည်သွားရောက်ကာ ယိုကိုဟားမားသို့ ရထားဖြင့် ဆက်လက် ခရီးနှင်ခဲ့ပါတော့သတည်း။ ။

အောင်အောင် (IR)