ကာမိုင်း ၂၈ ဒီဇင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ဒီဇင်ဘာနောက်ဆုံးပတ် လူထုလမ်းလျှောက်ပွဲ ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက် ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ ပါတီဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုကူညီမှုအသင်းအဖွဲ့များနှင့် ပြည်သူများက ယနေ့ နံနက်(၅)နာရီတွင် ပြည်သူ့အားကစားကွင်း၌ စတင်စုစည်းကာ မြို့တွင်းလမ်းမကြီးအတိုင်း လမ်းလျှောက်ခဲ့ရာ ကာမိုင်း-လဝါး သွားလမ်းမကြီးပေါ်ရှိ နန့်ကောင်းချောင်းပေ (၉၀၀)တံတားအထိ လမ်းလျှောက်ကြပြီး ၎င်းတံတားနေရာမှ စုရပ်အားကစားကွင်းနေရာသို့ ပြန်လည်ရောက်ရှိကြ၍ သွေးပူလေ့ကျင့်ခန်းနှင့် ကိုယ်လက်လုပ်ရှား အားကစားများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် မြို့စီမံခန့်ခွဲမှုကော်မတီမှ လူထုလမ်းလျှောက်ပွဲ၌ ပါဝင်သူ(၄၀၀)ကျော်အား ပျော်ရွှင်စေရန်အတွက် အထူးဆုအဖြစ် စောင်နှင့် ကျောပိုးအိတ်များအပြင် ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်း၊ ကောက်ညှင်းပေါင်း၊ အကြော်နှင့် လ္ဘက်ရည်တို့ကိုဝေငှပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင် (ကာမိုင်း)