ကာမိုင်း ၁၃ ဖေဖော်ဝါရီ
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများကို ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြည်သူ့အားကစားကွင်း၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်နှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ရပ်ဖများ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး၊ မြို့အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားကာ ကချင်၊ ခန္တီးရှမ်း၊ ရှမ်းနီစသည့်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက ပြည်ထောင်စုချစ်ကြည်ရေးအကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အတွက် အခြေခံပညာ အထက်တန်းကျောင်းမှ ကဗျာရွတ်၊ ၊ စာစီစာကုံး၊ ပုံပြော၊ ဆေးရောင်ခြယ် ပြိုင်ပွဲများမှ ဆုရရှိခဲ့သည့်ကျောင်းသား/သူများကိုလည်းကောင်း၊ သံပုံးရိုက်၊ မုန့်စား၊ ဂုံနီအိတ်စွပ်၊ စကောရွက် ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများမှ ဆုရရှိသည့်အားကစားသမားများအား ကာမိုင်းမြို့ တာဝန်ရှိသူ ပုဂ္ဂိုလ်များက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက် အဆိုပါအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကာမိုင်းမြို့နေ ကချင်၊ ဗမာ၊ ခန္တီးရှမ်း၊ ရှမ်းနီစသည့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြောင်း၊ တက်ရောက်လာသည့်ပြည်သူများအား ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး၊ နံရံကပ်စာစောင်၊ နိုင်ငံတော်အကြီးအကဲများ၏ မှတ်တမ်းဓါတ်ပုံများကို ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင် (ပြန်/ဆက်)