ကာမိုင်း   ၂၃  ဧပြီ  

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ မြစိမ်းရောင်ရပ်ကွက်နှင့် မအူပင်စုရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား အမှတ်(၃၃၂)နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေး စောင့်ရှောက်မှု နယ်လှည့်ကွင်းဆင်း၍ အခမဲ့ ဆေးကုသပေးခြင်းကို မြစိမ်းရောင်ရပ်ကွက် ဒေါ်လဗျလုနေအိမ်၌ ယမန်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါဆေးကုသမှုဆောင်ရွက်ပေးရာတွင် ကလေးရောဂါ၊ ဆီးချို၊ သွေးတိုး၊ အရိုးအကြောနှင့် အထွေထွေ စသည့်ရောဂါများကို ကာမိုင်းမြို့ အမှတ်(၃၃၂)နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်ဦးဆောင်၍ ဆေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများအား အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာများဟောပြောပေးခြင်း၊ လတ်တ လောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)ရောဂါနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကိုယ်ပူချိန်တိုင်းတာပြီး ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ဆေးကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆိုပါဆေးတပ်ဖွဲ့ဝင်များက စမ်းသပ်စစ်ဆေး ကုသပေးခဲ့ရာ ကလေး(၃)ဦး၊ သွေးတိုး(၂၈)ဦး၊ ဆီးချို(၂)ဦး၊ အရိုးအကြော(၈)ဦးနှင့် အထွေထွေရောဂါ(၂၁)ဦး စုစုပေါင်းလူနာ(၆၂)ဦးတို့အား အခမဲ့ဆေးကုသပေးခဲ့ကြောင်း၊ ဧပြီ(၁၈)ရက် နေ့က မြို့မရပ်ကွက်တွင်လည်းကောင်း၊ ဧပြီ(၂၀)ရက်နေ့က ကောင်ရာကျေးရွာတွင်လည်းကောင်း၊ ဧပြီ(၂၁)ရက်နေ့က နန့်စီးအင်ကျေးရွာတွင်လည်းကောင်း အသီးသီးနယ်လှည့်ကွင်းဆင်း၍ အခမဲ့ဆေး ကုသပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ဇွဲသူရအောင် (ပြန်/ဆက်)