မိုးညှင်း ၁၁ ဇူလိုင်
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ နန့်ကောင်းချောင်းရေ မြင့်တက်လာမှုကြောင့် ပေ (၉၀၀) တံတား အထက်ပိုင်း လဝါးကျေးရွာဘက်ခြမ်းတွင် အလျားပေ (၉၀၀) ခန့်၊ အနံ (၂၇) ပေခန့် ချောင်းကမ်းပါး ပြိုကျခဲ့သဖြင့် ဇူလိုင် ၆ ရက်မှ ၉ ရက်ထိ လူနေအိမ်တစ်လုံး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး မြေထိမ်းနံရံများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကမ်းပါးမြေပြိုကျမှုကြောင့် ချောင်းကမ်းနံဘေးတွင်ရှိနေသည့် လူနေအိမ်တစ်လုံးအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။ ထို့ပြင် လဝါး − ကာမိုင်း − ဖားကန့်သွား ကားလမ်းမပေါ်ရှိ ပေ (၉၀၀) တံတား ချဉ်းကပ်လမ်းသည်လည်း ဆက်လက်တိုက်စားလာပါက ချဉ်းကပ်လမ်းပြတ်ပါ၍ ဖားကန့် အတက်/အဆင်း ယာဉ်များ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားမည် ဖြစ်သည့်အတွက် ဇူလိုင် ၆ ရက်ကစ၍ တံတားချဉ်းကပ်လမ်း တိုက်စားမှုမှ ကာကွယ်ရန်အတွက် အောက်ခြေတွင် ကျောက်တုံးကြီးများချခြင်း၊ သစ်ချောင်းများဖြင့် ကတုတ်ရိုက်ခြင်းနှင့် သဲအိတ်များဖြင့် ကာရန်ခြင်း လုပ်ငန်းများအား ကာမိုင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုနန့်ကောင်းချောင်းရေသည် ချောင်းအထက်ပိုင်းတွင် မိုးများရွာသွန်းမှု များပြားလာပါက ချောင်းရေ မြင့်တက်လာပြီး ဆက်လက်တိုက်စားလာနိုင်မည် ဖြစ်သည့်အတွက် ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ယခုမိုးတွင်းကာလတွင် ဝါးကရစ်ထိုး၍ ရေလမ်းကြောင်းပြောင်းရန် လိုအပ်ခြင်း၊ တံတား ရေရှည်တည်တံ့စေရေးအတွက် တံတားအထက်/အောက် နေရာများတွင် (Steel Bracket) များဖြင့် ရေကာတာ ပြုလုပ်ပေးရန် လိုအပ်ခြင်းများ စိစစ်တွေ့ရှိရသဖြင့် အဆိုပါလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများမှ ဆန္ဒပြုကြောင်း သိရသည်။
ကိုဇွဲ(ကချင်မြေ)


