ကာမိုင်း ဇူလိုင် ၂၂
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများကို ကာမိုင်းမြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်သောပြည်သူများအား မဖြစ်မနေအရေးကြီးကိစ္စကြောင့် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သွားလာရန်၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်(၂ဝ)ကြာအောင် စနစ်တကျဆေးကြောရန်၊ တတ်နိုင်သမျှလူစုလူဝေးရှိသော နေရာများကိုသွားလာခြင်းမှ ရှောင်ကြဥ်ကြရန် ကျန်းမာရေးနှင်းအားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် မိဘပြည်သူများအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်၊ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်၍ စစ်ဆေးကုသမှုခံယူကြပါရန်စသည့် အသိပညာပေးလုပ်ငန်းများအား အသံချဲ့စက်ဖြင့်လှည့်လည်၍ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖားကန့်မြို့နယ်၏ ကွပ်ကဲမှုအောက်ရှိ မြို့ဖြစ်သောကြောင့် ကာမိုင်းမြို့နေ ပြည်သူများအား နေအိမ်တွင်နေထိုင်ရေး(Stay at Home) အစီအစဥ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့်အမိန့်ကြေညာချက်များကိုလည်း အသိပညာပေး လှည့်လည်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကာမိုင်း(ပြန်/ဆက်)