ကာမိုင်း၊ ၇ ဇန်နဝါရီ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ပြည်သူ့အားကစားကွင်းအား ပြုပြင်မွမ်းမံပြီးစီး၍ ထိန်းသိမ်း စောင့်ရှောက်ပေးရန်အတွက် မြို့အားကစားနှင့် ကာယပညာကော်မတီသို့ အပ်နှံခြင်းအခမ်းအနားကို ဇန်နဝါရီ ၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူက ကာမိုင်းမြို့ အားကစားကွင်းအား မြို့နယ်အားကစားနှင့် ကာယပညာကော်မတီမှ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် အမှာစကားပြောကြားပြီး Hein Group Sky ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဆန်းဦးက ၎င်းအားကစားကွင်းအား ပြုပြင်မွမ်းမံခြင်းနှင့်စပ်လျဉ်၍ ရှင်းလင်းပြောကြားသည်။ မြို့ပေါ်ရပ်ကွက်/ ကျေးရွာ အားကစားနှင့် ကာယပညာကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးကျော်ကျော်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားကွင်းအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်နယ် အား/ကာဦးစီး ဌာန၏ လမ်းညွှန်ချက်ဖြင့် ပရိသတ်လူကြည့်စင်အသစ် ဆောက်လုပ်ခြင်း၊ သံဇကာ ခြံစည်းရိုးခတ်ခြင်း၊ ဂိုးတိုင်များ ဆေးသုတ်ခြင်းနှင့် ဝင်ပေါက်သံပန်းတံခါးများ တပ်ဆင်ပေးခြင်း လုပ်ငန်းများကို ပြည်နယ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)


