ကာမိုင်း   ၂ အောက်တိုဘာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်း မြစိမ်းရောင်ခန်းမ၌ ယမန်နေ့ ညနေပိုင်းက ရေဘေးသင့်အိမ်ထောင်စု  ၁၇၄ စု၊ လူဦးရေ ၈၁၂ ဦးအတွက် ထောက်ပံ့ရေးပစ္စည်းများ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ပွဲတွင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည်ကို မြို့အုပ်ချုပ်ရေးမှူးဦးသန်းထိုက်က ရေဘေးသင့်ပြည်သူများအား ရှင်းလင်း ပြောကြားပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ပေးအပ်သည့်ပစ္စည်းများကို ကာမိုင်းမြို့ ကြက်ခြေနီ အသင်းခွဲငယ်တာဝန်ခံ တပ်ခွဲမှူး ဦးမြင့်အောင်က ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရာ၌ ရေဘေးသင့်ပြည်သူများဖြစ်သည့် အိမ်ထောင်စု ၁၇၄ စု၊ လူဦးရေ ၈၁၂ ဦးတို့အတွက် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခုနစ်ရက်စာ စားစရိတ်ဝယ်ယူရန် အတွက် တစ်ဦးလျှင်ငွေကျပ် (၂၁၀၀)နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း (၁၇၀၅၂၀၀)သိန်း၊ နှာခေါင်းစည်း (၈၁၂)ခုနှင့် ဂေါ်ဇီလာဆပ်ပြာ (၁၇၄)တောင့်တို့ကို လည်းကောင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ အိတ်စောင် (၁၇၄)ထည်နှင့် ကာဘိုလစ်ဆပ်ပြာ (၁၇၄)တောင့်တို့ကိုလည်းကောင်း တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)