ကာမိုင်း ၂၄ ဇူလိုင်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နှစ်ခြင်းဘုရားကျောင်း၌ ယနေ့ မွန်းလွဲ ၁ နာရီက ရေဘေးသင့်ပြည်သူများအား နယ်မြေခံဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆေးကုသမှုဆောင်ရွက်ပေးရာတွင် ကလေးရောဂါ၊ အရိုးအကြော၊ နား/နှာခေါင်းနှင့် အထွေထွေ ရောဂါ စသည့်ရောဂါများကို ကာမိုင်းနယ်မြေခံတပ်မှဆေးတပ်ဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာရပ်များဟောပြောခြင်း၊ တစ်ခါသုံး နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပြီး ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဆေးကုသပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ အဆိုပါအဖွဲ့ဝင်များက စမ်းသပ်စစ်ဆေး ကုသပေးခဲ့သည့် လူနာများမှာ ကလေးရောဂါ(၅)ဦး၊ အရိုးအကြော(၅)ဦး၊ နား/နှာခေါင်း(၅)ဦးနှင့် အထွေထွေရောဂါ(၂၃)ဦး စသည့် စုစုပေါင်းလူနာ(၃၈)ဦးတို့ကို အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ကာမိုင်း ပြန်/ဆက်)


