ကာမိုင်း ၁ အောက်တိုဘာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ အလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ်နှင့် ရေသန့်ဘူးများကို ယမန်နေ့ ညနေပိုင်းတွင် သွားရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် စက်တင်ဘာ ၂၇ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်း၍ အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့မှ ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများဖြစ်သည့် လူနေအိမ်များထဲသို့ ရေဝင်ရောက်ခဲ့သည့်အတွက် ရေဘေးသင့်ပြည်သူများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စု(၁၇၄)စု၊ လူဦးရေ(၈၁၂)ဦးတို့အတွက် အလှူရှင်များဖြစ်ကြသည့် ဦးဝင်မင်းကျော်၊ ဦးရန်နိုင်ကျော်၊ ဦးသီဟန်နှင့် သူငယ်ချင်းများစုပေါင်း၍ ဆန်(၁၀)နှင့် ရေသန့်ဘူး(၁၂)ကတ်၊ စုစုပေါင်းတန်ဖိုးငွေ ကျပ် ၃၄၃၂၀၀ တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)