ကာမိုင်း   ၇  ဇန်နဝါရီ    

 

ဖားကန့်မြို့နယ် ကာမိုင်းမြို့ လဝါးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီ ၆ ရက်က တရားမဝင် ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင်လာသည့် ယာဉ်တစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ကာမိုင်းမြို့ လဝါးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးရေးအဖွဲ့မှ ယာဉ်ကြီးကြပ်ရေးဆောင်ရွက်နေစဉ် ဖားကန့်-ကာမိုင်း လမ်းကြောင်းအတိုင်း မောင်သန့်ဇင်အောင်(၂၅)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 7H---- ၊ ခြောက်ဘီး SKAT အမျိုးအစားယာဉ်အား ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ကာမိုင်းမြို့ အင်းတော်ချောင်း တံတားအရောက်တွင် ရပ်တန့်သွားပြီး စစ်ဆေးရာ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ အရွယ်စုံ အတုံး ၅၉၀၊ အလေးချိန် ၂၂၀ဝ ကီလိုဂရမ်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာသူ သန့်ဇင်အောင်အား ကာမိုင်းနယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲသူရအောင် (ပြန်/ဆက်)

 

mdn