ကာမိုင်း ၁၈ ဇွန်
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ဖားကန့်မြို့နယ်သို့ အခြားအနယ်နယ်အရပ် ရပ်မှဝင်ရောက်ဖြတ်သန်းသွားလာမည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဝင်လမ်းဆုံဂိတ်၌ နံနက် ၆ နာရီမှ ညနေ ၆နာရီအထိ အရှိန်အဟုန်မပျက် နေ့စဉ်စိစစ်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံမှ ဒေသန္တရအမိန့် ထုတ်ပြန်ထားမြစ်ချက်အရ ၎င်းစစ်ဆေးရေးဂိတ်တွင် မြို့တာဝန်ရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများက ဖားကန့်မြို့နယ်သို့ အခြားအနယ်နယ်အရပ်ရပ်မှ ဝင်ရောက်ဖြတ်သန်းသွားလာမည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား ဒေသခံမှတ်ပုံတင်(သို့) နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားမှု ရှိ/မရှိ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု၏ ထောက်ခံချက်၊ ဌာနဆိုင်ရာဝန်ထမ်းနှင့် မိသားစုဝင်ဖြစ်လျှင် သက်ဆိုင်ရာဌာနအကြီးအကဲ၏ ထောက်ခံချက်၊ ကုမ္ပဏီဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာကုမ္ပဏီနှင့် မြို့နယ်ကျောက်မျက်အသင်းရုံး၏ ထောက်ခံချက်စသည်တို့ပါ/မပါ စိစစ်ပြီးမှ သာဖားကန့်ဘက်သို့ ဖြတ်သန်း သွားလာခွင့်ပြုမည်ဖြစ်သည်။
အဆိုပါဆောင်ရွက်မှုကို မြို့ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ၎င်းစစ်ဆေးရေးဂိတ်၌ နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ နေ့စဉ်တာဝန်အလှည့်ကျဖြင့် စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)


