ကာမိုင်း ၁၈ မေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့ နံနက် (၈)နာရီက အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ရပ်မိရပ်ဖများပူးပေါင်း၍ အဖွဲ့ခွဲငယ်များဖြင့် ကာမိုင်းမြို့ပေါ် ရပ်ကွက်များအပါအဝင် နန့်စီးအင်၊ ကထန်ယန်၊ ဂေါ်ရီ၊ ကောင်ရာကျေးရွာနှင့် လီဒိုလမ်းကြောရှိ ကျေးရွာအုပ်စုများကို ရောဂါဖြစ်ပွားမှုမှ လျှော့ချနိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြသည်။
အဆိုပါ အဖွဲ့များသည် ကျေးရွာနေပြည်သူများ နေအိမ်များအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ၏ အန္တရာယ်များအကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်အတွက် တစ်အိမ်တက်ဆင်း အသိပညာပေးဆွေး နွေးခြင်းများကို တစ်ပြိုင်တည်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွဲသူရအောင် (ပြန်/ဆက်)


