ဝါရှင်တန်   ၉  နိုဝင်ဘာ

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင် အနိုင်ရရှိသွားပြီဖြစ်သည့် အတွက် ၎င်း၏ တွဲဖက်ဖြစ်သူ ကာမလာတားရစ်သည် အမေရိကန်၏ ပထမဆုံးသော အမျိုးသမီးဒုတိယ သမ္မတ ဖြစ်လာတော့မည်ဖြစ်သည်။

ကာမလာတားရစ်သည် အမေရိကန်၏ ဒုတိယသမ္မတနေရာ ရောက်ရှိလာတော့မည့် ပထမဆုံးသော အာရှ-အမေရိကန်နိုင်ငံသား လူမည်း အမျိုးသမီးတစ်ဦးလည်း ဖြစ်သည်။ အသက် ၅၆ နှစ် ရှိပြီဖြစ်သည့် ဟားရစ်သည် ၂၀၁၆ ခုနှစ်တွင် အမေရိကန် ဆီးနိတ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၎င်းသည် ကယ်လီဖိုးနီးယားပြည်နယ်၏ ရှေ့နေချုပ်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသူ ဂျိုးဘိုင်ဒင် သမ္မတတာဝန် ထမ်းဆောင်ချိန်တွင် အသက် ၇၈ နှစ် ရှိတော့မည်ဖြစ်ရာ ကာမလာတားရစ်ကို နောက်လာမည့် သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ၏ အလားအလာရှိသည့် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် လူသိများလျက်ရှိသည်။

၂၀၀၈ ခုနှစ်နှင့် ၁၉၈၄ ခုနှစ်တို့တွင် အမေရိကန်ဒုတိယသမ္မတနေရာအတွက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့သည့် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ကိုယ်စားပြု အမျိုးသမီးကိုယ်စားလှယ်များ ရှိခဲ့သော်လည်း ၎င်းတို့နှစ်ဦးလုံး အနိုင်ရခဲ့ခြင်း မရှိပေ။

အင်န်အိတ်ချ်ကေ