ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC  ခေါ် Overseas Worker Identity Card လျှောက်ထားခြင်းများနှင့် စပ်လျဉ်း၍ ပွဲစားများ/ အေဂျင်စီများထံ ဝန်ဆောင်ခအဖြစ် ငွေကြေးအဆမတန်ပေး၍ လုပ်ငန်းအပ်နှံခြင်းမပြုဘဲ မိမိကိုယ်တိုင် တင်ပြလျှောက်ထားကြရန် သက်ဆိုင်ရာဌာနဖြစ်သည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အများပြည်သူ သိရှိနိုင်ရန်  အသိပေးကြေညာချက်  ထုတ်ပြန်ထားသည်။ အလားတူပင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက မြန်မာ နိုင်ငံကူးလက်မှတ်များကို Online Booking စနစ်ဖြင့် မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး  (ရန်ကုန်)၌ ကျင့်သုံး ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်းနှင့် မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင်၍ လျှောက်ထားခြင်းမပြုရန် သက်ဆိုင်ရာဌာနက မီဒီယာမှတစ်ဆင့် အများပြည်သူထံသို့ အသိပေးပန်ကြားချက် ထုတ်ပြန်ခဲ့သည်။

 

အများပြည်သူဝန်ဆောင်မှုဆိုင်ရာ ဌာနများတွင် အထက်ပါအတိုင်း ကြားပွဲစားများကို တွေ့ရလေ့ရှိပြီး လိုင်စင်အတွက်၊ ပါမစ်အတွက်၊ ကတ်ပြားအတွက် စသည်ဖြင့် ဝန်ဆောင်မှုရယူလိုသူထံမှ ရုံးဌာနများအနီးတွင် တွေ့ရလေ့ရှိသည့် ပွဲစားဆိုသူများက အပြီးအစီး မည်ရွေ့မည်မျှဟူ၍ ငွေကြေးရယူကာ ဆောင်ရွက်ပေးကြခြင်းဖြစ်ပြီး တစ်ခါတစ်ရံ အတုအယောင်၊ အလိမ်အညာများနှင့်ပင် တွေ့ရတတ်သည်။ အများပြည်သူတို့တွင် ရှိတတ်သည့် အားနည်းချက်များဖြစ်သော ရုံးပြင်ကနားနှင့် စာရွက်စာတမ်း လိုအပ်ချက်များအပေါ် နားမလည်မှု၊ ရုံးလုပ်ထုံးလုပ်နည်းများကလည်း အဆင့်ဆင့် များပြားမှုနှင့် ဝန်ထမ်းအချို့၏ အားနည်းချက်များ စသည်တို့ကြောင့် ပွဲစားများ ပေါ်ပေါက်လာရခြင်းဖြစ်သလို အကျင့်ပျက် ဝန်ထမ်းအချို့ကြောင့်လည်း ပွဲစားများပေါ်ပေါက်လာ ခြင်းဖြစ်သည်ကို တွေ့ရသည်။

 

အကျိုးဆောင်ခ ရယူဆောင်ရွက်နေသည့် ပွဲစားများအနေဖြင့် ၎င်းတို့ထံတွင် အလုပ်အပ်ရန်သာ ကြိုးပမ်းမည်ဖြစ်ရာ မည်မျှခက်ခဲကြောင်း၊ မည်မျှရှုပ်ထွေးကြောင်းနှင့် မပေးဘဲလုပ်ပါက မည်မျှကြာမြင့်မည်ဖြစ်ကြောင်း ပြောကြားကြမည်ဖြစ်ပြီး ဌာန၏ဂုဏ်သတင်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတို့၏ ဂုဏ်သိက္ခာမှာ ပွဲစားတို့ပါးစပ်ဖျားမှ ပုံဖော်သည့် အတိုင်းသာ အများပြည်သူတို့က ထင်မြင်လာကြမည်ဖြစ်သည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အသိပေးကြေညာချက်တွင် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC ခွင့်ပြုဆောင်ရွက်ပေးရာတွင် ရုံးဖွင့်ရက် ၂ ရက်မှ ၃ ရက် အတွင်း အမြန်စိစစ်ခွင့်ပြုပေးလျက်ရှိပြီး လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ တောင်းခံရာတွင် အလုပ်သမားများ အလွယ်တကူသိရှိနားလည် ရယူပေးနိုင်သည့် စာရွက်စာတမ်း အထောက်အထားများကိုသာ တောင်းခံခြင်းဖြစ်၍ ပွဲစား/အေဂျင်စီများထံ ဝန်ဆောင်ခအဖြစ် ငွေကြေး အဆမတန်ပေး၍ လုပ်ငန်းအပ်နှံခြင်းမပြုဘဲ ကိုယ်တိုင်လျှောက်ထားကြရန် ဖော်ပြထားသကဲ့သို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ရန်ကုန်) Online Booking လျှောက်ထားမှုတွင်လည်း မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင် လျှောက်ထားခြင်း မပြုရန် အသိပေး နှိုးဆော်ထားသည်။

ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC လျှောက်ထားခြင်းကိစ္စ၊ မြန်မာနိုင်ငံကူး လက်မှတ်များ Online Booking စနစ်သစ်ဖြင့် လျှောက်ထားခြင်းကိစ္စများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူအတွက် ဝန်ဆောင်မှုပေးရာတွင် ပြည်သူကို ဗဟိုပြုသော ပြည်သူ့အကျိုးသယ်ပိုးမှုတို့ ထင်ရှားစွာတွေ့မြင်နိုင်ကြောင်းနှင့် ဌာနများ၏ ဝန်ဆောင်မှုများကို ရယူကြရာတွင် ကြားခံပွဲစားများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းတို့မှ ရှောင်ကြဉ်နိုင်ကြပါစေကြောင်း။

 

မြန်မာ့အလင်း