နေပြည်တော် မေ ၇

 

ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်၍ လုပ်အားခခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်နေ မောင်xxx၊ ၂၅ နှစ်အား ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ်နေ ဝင်းလင်းထွန်း(ခ)ကောင်းကြီးနှင့်  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နေ အောင်ဗလ (ခ) ဗလကြီး တို့က ဖျာပုံမြို့နယ်၊ ခါးပြတ်ရွာရှိ “သဉ္ဇာထွန်း”ကျားဖောင်သို့ ပို့ဆောင်ကာ ၂ လခန့် လုပ်ကိုင်ခဲ့ပြီး လုပ်အားခငွေ ၇၀၀၀၀၀ သိန်းကျပ်အား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဒလမြို့မရဲစခန်း (ပ)၂၀၈၆/ ၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅/၃၂ဖြင့် အမှုရေးဖွင့်ခဲ့ပြီး တောင်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေ ၅ ရက်တွင် အမှုမှတရားခံ ဗလကြီး(ခ) အောင်ဗလနှင့် ဝင်းလင်းထွန်း (ခ) ကောင်းကြီးတို့ (၂)ဦးအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ အရ အလုပ်နှင့်ထောင်ဒဏ် တစ်ဆယ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)