ဟားခါး ၁၂ အောက်တိုဘာ
ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ (၇/၂၀၁၈) ကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအုပ်နောလ်၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးလင်းကျော်က ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာသော ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မဲရုံသုံးပစ္စည်းများ ထုတ်ပေးခြင်း/ ဖြန့်ခွဲခြင်းဆိုင်ရာများ၊ မဲဆန္ဒနယ်အတွင်း ကြိုတင်မဲလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲနေ့ရက် မဲပေးခြင်းလုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးကြကာ ပြည်နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် ချင်းပြည်နယ်အတွင်း ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် မတူပီမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) တို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)