မန္တလေး ၂၆ အောက်တိုဘာ

 

နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည့်သူ ၁၀ဝ ကျော် စောင့်ကြည့်ရန် စာရင်းပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲ မဲဆန္ဒနယ်များဖြစ်သည့် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ သပိတ်ကျင်း မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်နေရာတို့တွင် ရွေးကောက်ပွဲဖြစ်ရပ်များကို လေ့လာစောင့်ကြည့်မည်ဖြစ်သည်။

 

"လေ့လာစောင့်ကြည့်မယ့်သူက လူဦးရေ တစ်ရာကျော်လောက် စာရင်းပေးထားတယ်။ အဓိကကတော့ ရွေးကောက်ပွဲမှာ ဘာတွေလိုအပ်ချက်ရှိလဲ ပွဲမှာ ဘာတွေဖြစ်ပွားလဲ ဆိုတာတွေကို လေ့လာစောင့်ကြည့်တယ်။ သူတို့စောင့်ကြည့်တဲ့ ဖြစ်ရပ်တွေ လိုအပ်ချက်တွေကိုတော့ ကျွန်တော်တို့ ကော်မရှင်ဘက်က  ပြင်ဆင်လို့ရတာပေါ့" ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။

 

ရွေးကောက်ပွဲကျင်းပချိန်တွင် စောင့်ကြည့်မည့်သူများသည် နီးစပ်ရာ မဲရုံတစ်ရုံလျင် လူ ၂ ဦးနှုန်းဖြင့် စောင့်ကြည့်သွားမည်ဖြစ်ပြီး လာရောက်မဲပေးကြမည့် သူများ၏ သဘောထားများကို မေးမြန်းကာ မှတ်တမ်းတင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ရွေးကောက်ပွဲမှာ ဖြစ်တတ်တဲ့ ကိစ္စတွေကို စောင့်ကြည့်မယ်။ နောက်ပြီး မဲပေးတာတွေ မဲလိမ်တာတွေကို စောင့်ကြည့်မယ် ။ မဲလာပေးတဲ့သူတွေရဲ့ အခက်အခဲတွေ နောက်ပြီး မဲရုံရဲ့ လိုအပ်ချက်တွေကို အစရှိသဖြင့် စောင့်ကြည့်သွားမှာပေါ့" ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများသည်  ရွေးကောက်ပွဲအပြီး ၁၀ ရက်ကြာထိ စောင့်ကြည့်မည်ဖြစ်ပြီး ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲအပြီး နောက်ရက်ပေါင်း ၉၀ ထိ ရွေးကောက်ပွဲဖြစ်စဉ်များကို ဆက်လက် စောင့်ကြည့်ကြမည်ဖြစ်ကြောင်း သိရသည်။

 

ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြုစုထားသော မဲစာရင်းများအရ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နေရာ မဲပေးခွင့်ရှိသူ ၄၀,ဝ၀ဝ ကျော်၊ သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ နေရာအတွက် မဲပေးခွင့်ရှိသူ ၄၈,ဝ၀ဝ ကျော်နှင့် မြင်းခြံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်နေရာအတွက် မဲပေးခွင့်ရှိသူ ၂၂၀,ဝ၀ဝ ကျော်ရှိနေကြောင်း သိရသည်။

 

သူရိန်လင်း