မြင်းခြံ ၃ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့တွင် (၂၀၁၈) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာနှင့် ရှမ်းတိုင်းရင်းသားလူမျိုးများ ကိုယ်စားလှယ်နေရာများကို မဲဆန္ဒရှင် ပြည်သူများမှ နိုဝင်ဘာလ (၃) ရက် ၊ နံနက် (၆) နာရီမှ စတင်ပြီး ရွေးချယ်မဲဆန္ဒပေးခဲ့ကြကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်တွင် ရပ်ကွက်ကြီး (၂၀) ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း (၈၅) အုပ်စု ၊ ကျေး ရွာပေါင်း (၁၈၅) ရွာမှ မဲဆန္ဒရှင်ပြည်သူပေါင်း (၂၂၁၈၆၅) ဦးရှိပြီး ၊ မြင်းခြံမြို့ပေါ်တွင် ရပ်ကွက် (၂၀) တွင် မဲဆန္ဒရှင်ပြည်သူပေါင်း (၆၄၈၆၇) ဦးနှင့် မဲရုံ (၆၃) ရုံ ရှိကြောင်း သိရှိရပြီး မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မဲဆန္ဒရှင်ပြည်သူပေါင်း (၁၅၆၉၉၈) ဦးနှင့် မဲရုံ (၂၀၅) ရုံ ရှိကြောင်း သိရှိရသည်။ ကြိုတင်မဲဆန္ဒပေးထားသူ မြင်းခြံမြို့နယ်တွင် စုစုပေါင်း (၄၈၅၃) ဦး မဲပေးခဲ့ကြောင်း ၊ မြို့နယ်ရပ်ကွက် (၂၀) ရှိ မဲရုံ (၆၃) ရုံတို့ကို နံနက် (၆) နာရီမှ စတင်ဖွင့်လှစ်ခဲ့ရာ မဲဆန္ဒလာရောက်ပေးသူတို့တွင် ကြိုတင်မဲစာရင်းကြည့်ထားသူများမှာ လွယ်ကူ လျင်မြန်စွာ ပေးနိုင်သော်လည်း အချို့ပြည်သူများမှာ လာရောက်ကြည့်ရှုထားခြင်းမရှိသည့်အတွက် အနည်း ငယ်ကြန့်ကြာမှုများရှိကြောင်း ၊ မသန်စွမ်း ၊ ဖျားနာ ၊ နာတာရှည် လူမမာများကို မြင်းခြံမြို့ရှိ လူမှုကူညီရေးအဖွဲ့ များမှ မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ခြင်းလည်းရှိကြောင်း ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များမှလည်း လုံခြုံရေးကို ဂရုပြုဆောင်ရွက်လျက်ရှိကြောင်း ၊ မီးသတ်တပ်ဖွဲ့မှလည်း အရေးပေါ်အခြေအနေများဖြစ်ပေါ်လာပါက အဆင် သင့်ပြင်ဆင်ထားကြောင်း ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှလည်း ရပ်ကွက်များတွင် အဆင်သင့်ဆေးခန်းများ ဖွင့် လှစ်ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအား ပါတီ (၄) ခုမှ ကိုယ်စားလှယ်လောင်း (၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ရှမ်းတိုင်းရင်းသားလူမျိုးကိုယ်စားလှယ် လောင်း (၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ နိုင်ငံတကာရွေး ကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ မှလည်း လာရောက်လေ့လာကြည့်ရှုကြောင်း သိရှိရသည်။
ဇော်မင်းနိုင်