မိုးညှင်း ၃ ဩဂုတ် 

    
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ကားရေဆေးရင်းမေ့ကျန်ခဲ့သည့် ငွေကျပ်သိန်း(၂၀)အား ပိုင်ရှင်ဖြစ်သူထံ ပြန်လည်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ကံကြီးမောင်၊ မိတ်ဆွေကြီးဆီဆိုင်၌ ကျင်းပသည်။

 

အဆိုပါပေးအပ်ပွဲနှင့်ပတ်သက်၍ ဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးတင်ထွန်းက “ကျွန်တော်က ဆီဆိုင်ဖွင့်ထားရင်းနဲ့ကားရေဆေးတဲ့ အလုပ်ကိုပါပူးတွဲလုပ်တယ်၊ဒီဖြစ်ရပ်က ဇူလိုင်လ ၁၆ ရက်နေ့ကဖြစ်ခဲ့တယ်၊ သူတို့က ကျွန်တော့ဆီမှာ ကားရေဆေးပြီးတော့ အထုပ်တွေချပြီး ကားကို နောက်ပြန်ဆုတ်တဲ့အချိန် ကျန်သွားတာဖြစ်မယ်၊ဒီနေရာက လူအရမ်းရှုပ်တယ်၊ ကားဆရာတွေနဲ့ ဆီဖြည့်လာတဲ့သူတွေအများကြီးပဲ၊ ဒီအထုပ်လေးကို ဘယ်သူမှ သတိမထားမိဘူး၊ ကျွန်တော်ဂေါက်ရိုက်ရိုက်သွားမလို့ အပေါ့စွန့်သွားရင်းနဲ့မှ ဒီအထုပ်လေးကို သတိထားမိတယ်၊ ဘာထုပ်လေးလဲဆိုပြီး ဖွင့်ကြည့်တော့ငွေထုပ်ဖြစ်နေတယ်၊ အဲဒါနဲ့ ကျွန်တော်ပြန်စဉ်းစားကြည့်တော့ ကားရေးဆေးရင်း ကျန်ခဲ့တာဖြစ်နိုင်တယ်၊ ဒါပေမယ့်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ဘာတွေမသိတော့ ဒီအတိုင်း ထားထားပြီး ဆက်သွယ်လာမဲ့အချိန်ကို စောင့်နေလိုက်တယ်၊ ဒါကပိုင်ရှင်မှန်လို့ပြန်ရတာ” ဟု ပြောသည်။

 

“ကျွန်တော့ပိုက်ဆံက ကျထားပြီဆိုတော့ ဆုံးရှုံးသွားပြီးလို့တွက်တာပေါ့၊ ဘယ်မှာကျကျန်ခဲ့တာဖြစ်နိုင်သလဲ ပြန်စဉ်းစားကြည့်တော့ ကားရေဆေးရင်းကျန်ခဲ့တာဖြစ်နိုင်တယ် အထုပ်တွေချ တာဒီနေရာပဲရှိတယ်၊ အဲဒါနဲ့သူတို့လက်ဆောင်ပေးတဲ့ ရေသန့်ဘူးမှာပါတဲ့ ဖုန်းနဲ့ဆက်ကြည့်တော့ပိုင်ရှင်က သူတို့တွေ့ထားကြောင်း ဖုန်းနဲ့အကြောင်းပြန်ခဲ့တယ်၊ ဆိုင်ရှင်ကိုယ်စား ဂုဏ်ယူပါတယ်၊ ဒီလိုရိုးသားတဲ့ဆိုင်တွေလည်း အများကြီးရှိဖို့လိုပါတယ်” ဟု ငွေကျပ်သိန်း(၂၀)ပိုင်ရှင်ဖြစ်သူ၊ ကသာမြို့၊ အမှတ်(၄)ရပ်ကွက်နေ ကုန်သည်လုပ်ငန်း လုပ်ကိုင်သူ ဦးညိုမောင်က ပြောကြားခဲ့သည်။

 

ယခုပေးအပ်ပွဲကို မြို့နယ်အတွင်းရှိ ဂုဏ်သရေရှိလူကြီးများရှေ့တွင် ပိုင်ရှင်ဖြစ်သူထံ ကံကြီးမောင်၊ မိတ်ဆွေကြီး ဆီဆိုင်ပိုင်ရှင်နှင့်ဇနီးတို့က အခမ်းအနားနှင့် ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)