၈ အောက်တိုဘာ

 

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ကာတာနိုင်ငံ၌ သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲ ကစားမည့်ရက်များ အတည်ပြုနိုင်ခဲ့သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကာတာနိုင်ငံ ဒိုဟာမြို့၌ လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာ ၂၅၊ ၂၈၊ ၃၀ ရက်တွင် ခြေစမ်းပွဲ သုံးပွဲကစားမည်ဖြစ်ပြီး ပထမနှစ်ပွဲကို ကာတာကလပ် အသင်းများနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ နောက်ဆုံးပွဲကိုမူ အရှေ့အလယ်ပိုင်းမှ ယူ-၂၂ လက်ရွေးစင် အသင်းတစ်သင်းနှင့် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

မြန်မာအသင်း၏ ခြေစမ်းပွဲများကို ကာတာဘောလုံးအဖွဲ့ချုပ်က စီစဉ်ပေးနေခြင်းဖြစ်ပြီး မူလက ကာတာ ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားသော်လည်း အဆင်မပြေသောကြောင့် အခြား ယူ-၂၂ လက်ရွေးစင်အသင်းနှင့် လေ့ကျင့်လျက်ရှိသည်။

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အသက် ၂၂ နှစ်အထက် ကစားသမား ငါးဦးအပါအဝင် ကစားသမား ၄၀ ဖြင့် စတင်ဖွဲ့စည်းခဲ့သော်လည်း ကွင်းလယ်ကစားသမား ဇွဲသက်ပိုင်မှာ ဒဏ်ရာကြောင့် ပြန်လည်စေလွှတ် လိုက်သောကြောင့် ၃၉ ဦးသာ ကျန်ရှိတော့သည်။ သို့သော် မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်နေရပြီး နှစ်သင်းစလုံးတွင် ရွေးချယ်ခံထားရသည့် ကစားသမားအချို့မှာ အသင်းနှင့် အချိန်ပြည့် ပူးပေါင်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်လေ့ကျင့်ခဲ့ပြီး နှစ်လယ်ပိုင်းကတည်းက စတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် မေနောက်ဆုံးပတ်တွင် တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်း၊ ဇွန်ပထမပတ်တွင် ဗီယက်နမ် ယူ-၂၂အသင်း၊ စက်တင်ဘာလဆန်းတွင် ထိုင်းကလပ်အသင်းများ ဖြစ်သည့် ချင်းရိုင်ယူနိုက်တက်အသင်း၊ ချင်းမိုင်အသင်းတို့နှင့် ခြေစမ်းကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ထားသည်။

 

မြန်မာ ယူ-၂၂ အသင်းတွင် ဂိုး-ဆန်းဆက်နိုင် (ရန်ကုန်)၊ ဘုန်းသစ္စာမင်း (ရှမ်း)၊ စိုးအာကာ (မကွေး)၊ ထွန်းနန္ဒာဦး (မြဝတီ)၊ ဇင်ညီညီအောင်(အား/ကာသိပ္ပံ)၊ နောက်တန်း-ဇင်ရဲနောင် (အား/ကာသိပ္ပံ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း (ရှမ်း)၊ အောင်ဝဏ္ဏစိုး၊ ကျော်ဖြိုးအောင် (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ စိုးမိုးကျော် (ဧရာဝတီ)၊ သူရိန်စိုး၊ ထူးခန့်လွင် (ရန်ကုန်)၊ ဝင်းမိုးကျော်၊ ကျော်သူထွန်း (မကွေး)၊ ဇော်မင်းထွန်း (ချောင်ဘူရီ)၊ အလယ်တန်း-နေမိုးနိုင်၊ စိုးလွင်လွင်၊ ဇင်မင်းထွန်း၊ ဇေယျာနိုင် (မကွေး)၊ လွင်မိုးအောင် (ဧရာဝတီ)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း၊ ပြည့်စုံနိုင်၊ လှိုင်းဘိုဘို၊ စည်သူအောင် (ရတနာပုံ)၊ ကောင်းထက်စိုး (ရန်ကုန်)၊ ကျော်မျိုးနိုင် (အား/ကာသိပ္ပံ)၊ မျိုးမင်းဖြိုး (စစ်ကိုင်း)၊ ထက်လင်းလင်း၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ ရှေ့တန်း- အောင်သူ (မြောင်တောင်)၊ ကျော်ကိုကို (ဆာမတ်ပရာခန်)၊ ထက်ဖြိုးဝေ၊ စအောင်ပြည့်ကို (ရှမ်း)၊ အောင်ကောင်းမာန် (ဧရာဝတီ)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)နှင့် သန့်ဇင်မြင့် (အား/ကာသိပ္ပံ) တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်