နိုဝင်ဘာ ၁
မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ကာတာနိုင်ငံ၌ တစ်ပတ်ကျော်ကြာ သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ကစားရာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် အောက်တိုဘာ ၃၁ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ ကာဂျစ္စတန် ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အောင်ကောင်းမာန်ကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးကာ ထက်ဖြိုးဝေ၊ လွင်မိုးအောင်၊ ရဲမင်းသူ၊ မြတ်ကောင်းခန့်၊ ရဲရင့်အောင်စသည့် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ယခင်နှစ်ပွဲတွင် ကစားခဲ့သည့်လူစာရင်းကို နှစ်ဦးသာ အပြောင်းအလဲပြုလုပ်ခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ခြေအသာဖြင့် ကစားကာ ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် သုံးဂိုးသွင်းယူကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းအတွက် အနိုင်ဂိုးများကို ၈ မိနစ်တွင် အောင်ကောင်းမာန်၊ ၁၄ မိနစ်တွင် မြတ်ကောင်းခန့်၊ ၄၉ မိနစ်တွင် သူရိန်စိုး၊ ၅၈ မိနစ်တွင် စိုးလွင်လွင်နှင့် မိနစ် ၉၀ တွင် ထက်လင်းလင်းတို့က သွင်းယူပြီး ငါးဂိုးသွင်းယူပြီးမှ ချေပဂိုးတစ်ဂိုး ပြန်ပေးခဲ့ရခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ကာတာခရီးစဉ်တွင် နီပေါ ယူ-၂၂ အသင်းနှင့် နှစ်ဂိုးစီသရေကျပြီး ကာတာကလပ် အယ်လ်အူဝေနာအသင်းကို သုံးဂိုး-တစ်ဂိုး၊ ကာဂျစ္စတန် ယူ-၁၉ အသင်းကို ငါးဂိုး-တစ်ဂိုးတို့ဖြင့် သုံးပွဲစလုံး ရှုံးပွဲမရှိဘဲ ရလဒ်ကောင်းရရှိခဲ့သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF