ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွင်းက ပုံရိပ်များ

 

 

အားကစားပရိသတ်တစ်ဦး

 

ဗျူနိုအေရိစ်မြို့၏ အထင်ကရကျောက်တိုင်ရင်ပြင်တွင် လူအများစုဝေးနေကြသည်။ နိုင်ငံတော်အလံများကလည်း တလူလူလွင့်ပျံနေသည်။ လူတိုင်းနီးပါး အာဂျင်တီးနား လက်ရွေးစင်ဘောလုံးအသင်းဂျာစီကို ဝတ်ဆင်ထားကြသည်။ အများစုက မက်ဆီ၏ ကျောနံပါတ် ၁၀ ဝတ်စုံကို ဆင်မြန်းလျက်။ အာဂျင် တိုင်းသားတို့အားလုံး ပျော်မဆုံး၊ မော်မဆုံး၊ တပြုံးပြုံးဖြင့်။ ဤနေ့သည်ကား အာဂျင်တိုင်းတို့အတွက် သမိုင်းဝင်နေ့တစ်နေ့ဖြစ်သည်။ ၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် သူတို့၏ အာဂျင်တီးနားဘောလုံးအသင်းသည် လက်ရှိ ချန်ပီယံပြင်သစ်ဘောလုံးအသင်းကို ရေကုန်ရေခန်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ၃၆နှစ်ကြာမျှဝေးကွာ နေခဲ့သောကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူ ဆွတ်ခူးခဲ့၍ ဖြစ်သည်။

 

“ ကျွန်မတို့ဆီမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားရှိတယ်” အာဂျင်တိုင်း လုံမပျိုတစ်ဦးက အသင်းခေါင်းဆောင် မက်ဆီကို ရည်ညွှန်း၍ ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြောကြားခဲ့သည်။

 

အသင်းခေါင်းဆောင် မက်ဆီဦးဆောင်သော နိုင်ငံ့ဂုဏ်ဆောင်အောင်ပွဲရ အားကစားသမားများ၏ ပြည်တော်ပြန်ခရီးကလည်း တစ်သက်မေ့ရက်စရာမရှိအောင် ဝက်ဝက်ကွဲမျှ ခမ်းနားစည်ကားခဲ့သည်။ သန်းပေါင်း များစွာသော ပြည်သူလူထု၏ တစ်ခဲနက်ဂုဏ်ပြုကြိုဆိုမှုကြောင့် အာဂျင်တီးနား အသင်း၏ အောင်ပွဲခံ အမိုးဖွင့် ဘတ်စ်ကားသည်ပင်လျှင် ရှေ့ဆက်လက် မောင်းနှင်၍ မရတော့သဖြင့် ကစားသမားများကို ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ် ရသည်အထိ ဖြစ်ခဲ့ရသည်။

 

လူငယ်ကစားသမားလေး အမ်ဘာပေ အပါအဝင် ပြင်သစ်ကစားသမားအားလုံး ကွင်းအတွင်း ဝမ်းနည်းပက်လက် ဖြစ်ကျန်ရစ်ခဲ့ကြသည်။ ပွဲချိန် မိနစ် ၉၀ အတွင်း ပြိုင်ဘက်အာဂျင်တီးနားတို့၏ နှစ်ဂိုးပြတ်ဖြင့် ဦးဆောင်နေမှုကို အမ်ဘာပေက နှစ်ကြိမ်ဆက်တိုက် ဖြိုဖျက်ခဲ့သည်။ အချိန်ပိုတွင်လည်း  အာဂျင်တိုင်းတို့၏ နောက်တစ်ကြိမ် ဦးဆောင်မှုကို အမ်ဘာပေကပဲ ပြန်လည်တန်းညှိပေးခဲ့ပြန်သည်။ သို့ရာတွင် ပယ်နယ်တီအဆုံးအဖြတ်မှာတော့ အာဂျင်တိုင်းတို့က လေးဂိုးသွင်းယူနိုင်ပြီး သူတို့က နှစ်ဂိုးသာရခဲ့၍ ထပ်ဆင့်ချန်ပီယံဘွဲ့ကို လက်တစ်ကမ်းအလိုမှ လက်လွှတ်လိုက်ရသည်။ ဘယ်သူမကြေကွဲနေနိုင်ပါမည်နည်း။

 

ပြင်သစ်သမ္မတ မက်ခရွန်သည် ပွဲကြည့်စင်ထက်မှ ကွင်းအတွင်းသို့ ဆင်းလာသည်။ ကွင်းအတွင်း ငူငူကြီး ထိုင်နေသော လူငယ်ခြေတက် ကစားသမားလေး အမ်ဘာပေကို ပွေ့ဖက်၍ နှစ်သိမ့်စကားဆိုလေသည်။ ဆက်လက်၍ နောက်ဆုံးမိနစ် အထိ ရေကုန်ရေခန်း တိုက်ပွဲဝင်ခဲ့သော နိုင်ငံသားကောင်းများကို သူဂုဏ်ယူကျေနပ်သည့် အသွင်ဖြင့် နှုတ်ဆက်အားပေး စကားဆိုလေသည်။

 

ခရိုအေးရှားနိုင်ငံ မြို့တော်ဇာဂရက်တွင်လည်း မြို့တော်သူ မြို့တော်သားများ အုံခဲနေသည်။ ဤနေ့ကား တတိယဆုရှင် ခရိုအေးရှား ဘောလုံးအသင်း၏ ပြည်တော်ပြန်နေ့ဖြစ်သည်။ မိုဒရစ်ဦးဆောင်သော ခရိုအေးရှားအသင်းသည် ချန်ပီယံဆု ဖလားကို မဆွတ်ခူးနိုင်ခဲ့သော်လည်း ကွာတားဖိုင်နယ်တွင် ချန်ပီယံအဖြစ် ရေပန်းစားနေသော ဘရာဇီးအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူကျော်ဖြတ်ပြီး တတိယလုပွဲတွင် မော်ရိုကို အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

ယူဂိုဆလားဗီးယားပြည်ထောင်စုမှ နိုင်ငံအသစ်အနေဖြင့် မွေးဖွားလာပြီးနောက် ဗွေဆော်ဦး ပြင်သစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် တတိယ၊ ၂၀၁၈ခုနှစ် ရုရှားကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဒုတိယနှင့် ယခုကျင်းပခဲ့သော ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယထပ်မံဆွတ်ခူးရရှိ ခဲ့ပြန်၍ ခရိုအေးရှား နိုင်ငံသားများအဖို့ သူတို့၏ နိုင်ငံငယ်လေးအတွက် ဂုဏ်ယူမဆုံး ရှိခဲ့ကြလေသည်။

 

တော်ဝင်အခမ်းအနားဖြင့်ကြိုဆို

 

အာဖရိကမြောက်ပိုင်းရှိ မော်ရိုကိုနိုင်ငံ ရာဘတ်မြို့တွင်လည်း မီးရှူးမီးပန်းများ ပစ်ဖောက်၍ အုန်းအုန်း ကျွက်ကျွက်စည်ကားလို့ နေပြန်သည်။ မော်ရိုကိုအသင်းသည် ရှုံးထွက်အဆင့်တွင် နာမည်ကြီးစပိန်၊ ကွာတားဖိုင်နယ် ပွဲစဉ်တွင် စီရိုနယ်ဒိုတို့၏ နာမည်ကြီး ပေါ်တူဂီအသင်းတို့ကို ကျော်ဖြတ်ကာ အာဖရိကသမိုင်းတွင် ပထမဆုံး အကြိုဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းနိုင်ခဲ့၍ မော်ရိုကို နိုင်ငံသားတို့ အထူးဂုဏ်မောက်နေခဲ့ကြခြင်းဖြစ်သည်။ မော်ရိုကိုအသင်း၏ အောင်မြင်မှုသည် သူတို့နိုင်ငံတစ်နိုင်ငံတည်း အတွက်သာမက အာဖရိကကိုပါ ကိုယ်စားပြုသည် ဟုလည်း ဆိုကြသည်။ မော်ရိုကိုဘုရင် မိုဟာမက်ကလည်း မော်ရိုကိုအသင်း၏ အောင်မြင်မှုသည် မော်ရိုကိုနိုင်ငံ ဘုရင်နှင့်တကွ နိုင်ငံအတွက် ဂုဏ်တက်စေခဲ့ခြင်းဖြစ်၍ တော်ဝင်အခမ်းအနား ဖြင့် ကြိုဆိုခဲ့ပြီး ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့် ပေးအပ်ခဲ့သည်။

 

အရှေ့အလယ်ပိုင်းက ဆော်ဒီတို့ကလည်း လက်မထောင်ခဲ့ကြသည်။ အစကောင်းသော်လည်း အနှောင်းမသေချာ၍သာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်ငြား သူတို့ ဆော်ဒီအသင်းသည် ယခုကမ္ဘာ့ ဖလားချန်ပီယံ အာဂျင်တီးနားကို အနိုင်ယူခဲ့သည့် တစ်သင်းတည်းသော အသင်းအဖြစ် ဂုဏ်ဆာခဲ့ကြသည်။

 

အာရှဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့

 

အာရှမြေတွင် ဒုတိယအကြိမ်မြောက် ကျင်းပခဲ့သော ယခုကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲတွင် အာရှ အသင်းများဖြစ်ကြသည့် ဂျပန်နှင့် တောင်ကိုရီးယား အသင်းတို့ကလည်း အာရှဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြသည်။

 

ဂျပန်က ကမ္ဘာ့အင်အားကြီး အသင်းများဖြစ်သည့် ဂျာမနီနှင့် စပိန်ကို အနိုင်ယူကာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ ရှုံးထွက်အဆင့်တွင် ခရိုအေးရှားအသင်းကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့၍ မြင်းကောင်းခွာလိပ် ဖြစ်ခဲ့ရရှာသည်။ သို့သော် ဆာမူရိုင်းတို့၏ အိမ်ပြန်ခရီးကား ခမ်းနားလှပခဲ့သည်။ နာရီတာလေဆိပ်တွင် ဂျပန်ဘောလုံး ပရိသတ်တို့က စောင့်မျှော်ကြိုဆိုခဲ့ကြသလို ဂျပန်ဝန်ကြီးချုပ်ကလည်း တွေ့ဆုံ ဂုဏ်ပြုခဲ့သည်။

 

ကိုရီးယားရဲ့ရတနာ ဆွန်ဟောင်မင်ပါဝင်သည့် တောင်ကိုရီးယား အသင်းအနေဖြင့်လည်း အုပ်စုနောက်ဆုံးပွဲစဉ်တွင် ပေါ်တူဂီအသင်းကို အနိုင်ကစားကာ ဂါနာ၊ ဥရုဂွေးတို့ ပါဝင်သော အုပ်စုကျပ်မှ ရုန်းထွက်နိုင်ခဲ့သည်။ ရှုံးထွက်အဆင့်တွင်မူ နေမာဦးဆောင်သော နာမည်ကြီး ဘရာဇီးအသင်းနှင့် ထိပ်တိုက်တိုးခဲ့၍သာ အိုပါးတို့ အိမ်ပြန်စောခဲ့ရခြင်း ဖြစ်သည်။

 

ကမ္ဘာပေါ်တွင် ကြီးကျယ်ခမ်းနားဆုံး လေးနှစ်မှ တစ်ကြိမ်ကျင်းပသော ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးသည် ဘောလုံးသမားများအတွက်သာမဟုတ် သက်ဆိုင်ရာ နိုင်ငံသားတိုင်း၏ ရွှေအိပ်မက် တစ်ခုလည်း ဖြစ်လေသည်။

 

၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ပရိသတ်စုစုပေါင်း သုံးသန်းကျော် ကြည့်ရှုအားပေးခဲ့ကြရာ တစ်ပွဲလျှင် ပျမ်းမျှငါးသောင်း ကျော်မျှရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုအရဆိုလျှင် ပရိသတ် သန်းထောင်ချီမျှ ရှိပေလိမ့်မည်။

 

သက်ဆိုင်ရာ ပရိသတ်အသီးသီး၏ အားပေးမှုများကလည်း ဘောလုံးအားကစားကို ဒရာမာဇာတ်လမ်းပမာ ဆွဲဆောင်လျက်ရှိသည်။ ကိုယ့်နိုင်ငံအသင်း ရှုံးနေလျှင် သူတို့၏ မျက်နှာပြင်က ပြိုတော့မည့်မိုးလို အုံ့ဆိုင်းမှိုင်းဝေလျက်။ ရှုံးပြီဆိုမှဖြင့် ဖြေမဆယ်နိုင်၊ ဝမ်းနည်းပူဆွေးငိုကြွေး ကြတော့သည်။ အနိုင်ရသူတို့ကလည်း သက်ဆိုင်ရာ နိုင်ငံတော်အလံကို ဂုဏ်ယူဝင့်ကြွားစွာ ဝှေ့ယမ်းလို့၊ ကိုယ့်နိုင်ငံအသင်း ဝတ်စုံကို နမ်းရှုပ်လို့ သီချင်း တကြော်ကြော်ဖြင့် ပျော်၍မဆုံး၊ မော်၍မဆုံး။

 

နိုင်ငံ့ဂုဏ်သိက္ခာအတွက် ရေကုန်ရေခန်းကစား

 

နိုင်ငံကိုယ်စားပြုလက်ရွေးစင် ဘောလုံးသမားများရော။ လူငယ်ခြေတက်၊ တက်သစ်စ ကြယ်ပွင့်ပဲ ဖြစ်ဖြစ်၊ လက်ရှိ ကမ္ဘာကျော်ဘောလုံးသမားပဲဖြစ်ဖြစ် လေးနှစ်မှတစ်ကြိမ်ကျင်းပသည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်သိက္ခာအတွက် ရေကုန်ရေခန်း ကြိုးပမ်းကစားကြသည်။

 

ဆော်ဒီအသင်းနောက်ခံလူ အယ်လ်ရှာရာနီ ဟာဆိုမူ အာဂျင်တီးနားနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် အသင်းဖော် ဂိုးသမား ဒူးနှင့် ပြင်းပြင်းထန်ထန် ထိခိုက်မိပြီး မေးရိုးနှင့် မျက်နှာအတွင်းပိုင်းရှိ အရိုးများကျိုးသွားခဲ့၍ ဆေးရုံ၌ အရေးပေါ်ခွဲစိတ် ကုသမှုကို ခံယူခဲ့ရရှာသည်။ ကွင်းအတွင်းမှ ထော့နင်း၊ ထော့နင်း၊ မျက်ရည် စက်လက်ဖြင့် ထွက်ခွာသွားခဲ့ကြသည့် ကစားသမားအချို့လည်း ရှိခဲ့ကြသည်။ ဒဏ်ရာကြောင့်တော့မဟုတ်၊ ရှေ့ပွဲစဉ်များနှင့်လွဲမည့် အရေးကြောင့် ဖြစ်သည်။

 

စီရိုနယ်ဒို၏ ဝမ်းနည်းပုံရိပ်များက ပရိသတ်စိတ်ကိုဖမ်းစား

 

ကွာတားဖိုင်နယ် ပွဲစဉ်တွင် မော်ရိုကိုအသင်းကို ရှုံးနိမ့်ပြီးနောက် အဝတ်လဲခန်းသို့အဝင် ဥမင်လမ်းတစ်လျှောက်တွင် မျက်နှာကို လက်နှင့်အုပ်ကာ ပူဆွေးငိုကြွေးနေခဲ့သော စီရိုနယ်ဒို၏ ဝမ်းနည်းပူဆွေးမှု ပုံရိပ်များကလည်း ကမ္ဘာ့ဘောလုံး ပရိသတ်တို့၏ စိတ်ကို ဖမ်းစားစေခဲ့သည်။

 

တစ်ကျော့ပြန် မန်ယူအသင်း ဒုတိယရာသီတွင် စာချုပ်ဖျက်သိမ်းလမ်းခွဲခဲ့ရသည်အထိ အဆင်မပြေမှုပေါင်းများစွာ ကြုံတွေ့ခဲ့ရပါသော်လည်း ယခုကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အမိနိုင်ငံ ပေါ်တူဂီအသင်းကို အောင်မြင်မှုတစ်ခုခု ရယူပေးနိုင်ရန် မျှော်လင့်ချက်အပြည့်ဖြင့် အားခဲလာသော သူ၏စိတ်ကူးအိပ်မက်များ မှန်းချက်နှင့် နှမ်းထွက်မကိုက် အလွဲချည်း လွဲချော်ခဲ့ရ၍ ဖြစ်သည်။

 

နေမာ၏ မျက်ရည်များကလည်း ဘရာဇီးသားတို့၏ မျက်ရည်များပင်ဖြစ်ခဲ့သည်။ ယခုကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို နေမာအပါအဝင် ဘရာဇီးသား အားလုံးအားခဲထားကြသည်။ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့က လုပ်သား ၁၁၅ ဦး ရှိသည့် စက်ရုံတစ်ရုံသည် ဘရာဇီးအသင်း ကစားသောပွဲစဉ်များ ကို စက်ရုံလုပ်သားများ ကြည့်ရှုအားပေးနိုင်ရန် ပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့သည်။ အာရှမြေ၌ ဒုတိယအကြိမ်မြောက် ကျင်းပသော ကမ္ဘာ့ဖလား ပြိုင်ပွဲသည် ၂၀၀၂ခုနှစ် ဂျပန်နှင့် တောင်ကိုရီးယား ကမ္ဘာ့ဖလားပြိုင်ပွဲသို့နှယ် ဘရာဇီးသားတို့ပင် အောင်ပွဲခံနိုင်ဦးမည်ဟု သူတို့ယုံကြည် မျှော်လင့် ထားခဲ့ကြသည်။ ဘရာဇီးတိုက်စစ်မှူး နေမာကလည်း တစ်ချိန်က တိုက်စစ်မှူးကြီး ရိုနယ်ဒိုကဲ့သို့ပင် သူလည်း ယခုပြိုင်ပွဲတွင် ခြေစွမ်းပြကာ ဘရာဇီးကို ခြောက်ကြိမ်မြောက် ချန်ပီယံအဖြစ် မော်ကွန်းကမ္ပည်းရေးထိုးနိုင်မည်ဟု မျှော်လင့် အားခဲထားသည်။  

 

ရွှေတောင်ကြီး ပြိုကျသွားခဲ့ရ

 

သို့တစေ ကွာတားဖိုင်နယ်ပွဲစဉ်တွင် အချိန်ပိုပွဲပြီးရန် သုံးမိနစ်အလိုအထိ နေမာ၏ဂိုးဖြင့် ဦးဆောင်နေသော ဘရာဇီးအသင်းသည် ပြိုင်ဘက် ခရိုအေးရှားကို ချေပဂိုး ပြန်ပေးလိုက်ရရုံမျှမက ပယ်နယ်တီ အဆုံးအဖြတ်တွင် အရေးနိမ့်ခဲ့ပြန်၍ နေမာနှင့် ဘရာဇီးသားတို့၏ ရွှေတောင်ကြီး ပြိုကျသွားခဲ့ရရှာသည်။

 

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယိုနယ် မက်ဆီအဖို့မူ လက်ရှိချန်ပီယံ ပြင်သစ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရသည့် နောက်ဆုံးဗိုလ်လုပွဲသည် သူ့အတွက် မေ့မရနိုင်သည့် သမိုင်းဝင်နေ့ရက် တစ်ရက်ဖြစ်ခဲ့သည်။  ကလပ်အသင်းနှင့်အတူ တစ်ကိုယ်တော်ဆု တံဆိပ်ပေါင်းများစွာ ရရှိခဲ့ဖူးသော်လည်း နိုင်ငံလက် ရွေးစင်အသင်းနှင့်မူ ကိုပါ အမေရိကဖလားမှအပ လောက်လောက်လားလား အောင်မြင်မှု မရရှိခဲ့၍ ယခုကမ္ဘာဖလားပြိုင်ပွဲသည် မက်ဆီ၏ နောက်ဆုံး ရွှေအိပ်မက်တစ်ခုဖြစ်ခဲ့သည်။

 

ကမ္ဘာ့ဖလား ရွှေစင်ဆုနှင့်အတူ မှတ်ကျောက်တင်နိုင်ခဲ့

 

ယခုမူ သူ၏နောက်ဆုံးအိပ်မက်ကို သူကိုယ်တိုင် ထုဆစ်အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ မာရာဒိုနာ ခေတ်အလွန် အာဂျင်တီးနားအသင်း၏ ၃၆နှစ်ကြာ လွဲချော်ခဲ့သော ကမ္ဘာ့ဖလား ချန်ပီယံဆု ကို သုံးကြိမ်မြောက် (၁၉၇၈၊ ၁၉၈၆၊ ၂၀၂၂) ရယူ ဆွတ်ခူးပေးနိုင်ခဲ့လေပြီ။ ဆယ်စုနှစ်အတွင်းခုနစ် ကြိမ်တိုင် စိုက်ထူထားခဲ့သော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဂုဏ်ဒြပ်ကိုလည်း ယခုကမ္ဘာ့ဖလား ရွှေစင်ဆုနှင့်အတူ မှတ်ကျောက်တင်နိုင်ခဲ့ရုံမက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဘောလုံးသမား ရွှေဘောလုံးဆုနှင့်လည်း သက်သေထူနိုင်ခဲ့၍ဖြစ်သည်။

 

“ကျွန်မတို့နိုင်ငံက အခုလက်ရှိ စီးပွားရေး မကောင်းဘူး။ အာဂျင်တီးနား ဘောလုံးအသင်းလို စုစုစည်းစည်း၊ ညီညီညွတ်ညွတ် ကြိုးစားရင် အောင်မြင်လာမှာပါ”ဟု လူလတ်ပိုင်း အမျိုးသမီး တစ်ဦးက အာဂျင်တီးနား လက်ရွေးစင်ဘောလုံး အသင်း၏ အောင်မြင်မှုအပေါ် အခြေခံ၍ နိုင်ငံ၏ အနာဂတ်ကို မျှော်လင့်ချက်အပြည့်ဖြင့် တွက်ဆ ခန့်မှန်းပြောဆိုလိုက်သည်။

 

၂၀၂၂ခုနှစ် ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မှ ဇာတိပုညဂုဏ်မာန၊ အမျိုးသားရေးစရိုက် လက္ခဏာများနှင့် အမျိုးသားရေးပုံရိပ်လွှာတို့သည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ ပေါင်းဆုံစီးမျော သွားလေသည်။ တကယ်တော့ ဘောလုံးအားကစားသည် အားကစားနည်း တစ်ခုထက်ပိုပါသည်။