ရန်ကုန် မတ် ၃
နိုင်ငံတကာဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က စီစဉ်သည့် ၂၀၂၂ ကမ္ဘာ့ချန်ပီယံရှစ် စနူကာပြိုင်ပွဲ၊ အာရှဘိလိယက်နှင့် စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲတို့တွင် မြန်မာကစားသမားများ ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။
ယင်းပြိုင်ပွဲ နှစ်ခုစလုံးကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး ကမ္ဘာ့စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲကို မတ် ၁ရက်မှ ၁၁ရက်၊ အာရှဘိလိယက် နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲကို မတ် ၁၂ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ကမ္ဘာ့စနူကာပြိုင်ပွဲတွင် စီနီယာစနူကာ တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး ပြိုင်ပွဲနှင့် ယူ-၂၁ အမျိုးသားပြိုင်ပွဲတို့ ပါဝင်ပြီး မြန်မာကစားသမား နှစ်ဦးမှာ စီနီယာ အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို မတ် ၁ ရက်တွင် စတင်နေသော်လည်း မြန်မာကစားသမားများ ယှဉ်ပြိုင်မည့် ပွဲစဉ်ကို မတ် ၆ ရက်မှ ၁၁ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။ အာရှဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ကမ္ဘာ့ပြိုင်ပွဲအပြီးတွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး မြန်မာကစားသမားများမှာ စနူကာတစ်ဦးချင်းပြိုင်ပွဲ နှင့် ဘိလိယက်တစ်ဦးချင်း ပြိုင်ပွဲ တို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာဘိလိယက်နှင့် စနူကာ ကစားသမားများမှာ ၂၀၁၉ ဆီးဂိမ်း ပြိုင်ပွဲပြီးကတည်းက နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ရခြင်းမရှိတော့ဘဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်မှ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဒေါက်တာမင်းနိုင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်)၊ ဘိလိယက်ကစားသမားများ အဖြစ် အောင်ဆန်းဦး၊ ပေါက်စ၊ မင်းစည်သူထွန်း၊ စနူကာကစားသမားများအဖြစ် ဝင်းကိုနှင့် အောင်ဖြိုး တို့ ပါဝင်နေသည်။ ယင်းကစားသမားများမှာ မေလတွင် ကျင်းပမည့် (၃၁) ကြိမ်မြောက် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်နေသူများဖြစ်ပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ရဲရင့်လွင်