ရန်ကုန် ၂၇ အောက်တိုဘာ
မြန်မာနိုင်ငံကာတွန်းဆရာများအသင်းက ကြီးမှူး၍ ကာတွန်းဆရာကြီးများအား (၄၃)ကြိမ်မြောက် ဂါရဝပြု ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရုံးချုပ်ရှိ ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကွယ်လွန်သွားကြသည့် ကာတွန်းဆရာကြီးများ၏ ဂုဏ်ကျေးဇူးများကို အောက်မေ့သတိရသောအားဖြင့် တစ်မိနစ် ငြိမ်သက်ဂါဝရပြုကြသည်။ ထို့နောက် တက်ရောက်လာကြသူများကို ကာတွန်းဆရာကြီးများနှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် မြန်မာနိုင်ငံကာတွန်းဆရာအသင်း ဒုတိယဥက္ကဋ္ဌ ကာတွန်း ဝင်းအောင်က ကန်တော့ခံ ကာတွန်းဆရာကြီးများအား ရှေးမူအတိုင်းရွေးချယ်သတ်မှတ်ခဲ့သော စံဖြင့် ရွေးချယ်သတ်မှတ်ခြင်းအကြောင်းကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကန်တော့ခံဆရာကြီးများအား တက်ရောက်လာကြသူများက ဂါရဝပြု ကန်တော့ပြီး ကန်တော့ပစ္စည်းများပေးအပ်သည်။
ဆက်လက်၍ ကန်တော့ခံဆရာကြီးများကိုယ်စား ဦးငွေကြည်၊ ဦးမြင့်သိန်းနှင့် ဦးဗချီတို့က သြဝါဒစကား ပြောကြားကြသည်။
ထို့နောက် ရေဘေးရန်ပုံငွေပွဲတွင် အလှူငွေထည့်ဝင်ကြသည့် စေတနာရှင် ကာတွန်းဆရာများအား မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ပြီး အတွင်းရေးမှူး မောင်မောင်ဖောင်တိန် က ကျေးဇူးတင်စကား ပြောကြားသည်။
သတင်း-ဥမ္မာသန့်
ဓာတ်ပုံ-ဇော်မင်းလတ်


