နေပြည်တော် ဇူလိုင် ၃၁

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကာယပညာနှင့် အားကစားအခြေခံ နည်းပြသင်တန်း အမှတ်စဉ်(၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လယ်ဝေးအားကစား လေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း တက် ရောက် ဖွင့်လှစ်ပေးပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားကောင်းများ  ပြုစုပျိုးထောင်ပေးနိုင်ရေး၊  KG+12 ပညာရေးစနစ်ကို စနစ်တကျ အထောက်အကူ ဖြစ်စေရေးနှင့်  အခြေခံပညာ ကျောင်းများတွင် ၇၀ ရာခိုင်နှုန်းခန့် လစ်လပ် နေသော ကာယပညာ ဆရာ၊ ဆရာမများ ဖြည့်ဆည်းခန့်ထား နိုင်ရေးအတွက် ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံး သည့်အခါ အခြေခံပညာ အလယ်တန်းကျောင်းများနှင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များတွင် ဒုတိယအလယ်တန်းပြ (ကာယ)များအဖြစ် ခန့်ထား ပေးမည်ဖြစ်ကြောင်း၊ ခန့်အပ်ခြင်းခံရသည့် အခြေခံပညာကျောင်းများသို့ ရောက်ရှိသည့်အခါ ကျောင်းသား၊ ကျောင်းသူများကို ထူးချွန်ထက်မြက်၍ ကျန်းမာကြံ့ခိုင်သော နိုင်ငံသား ကောင်းများ ပေါ်ထွက်လာစေရေး ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးကြရန် တိုက်တွန်း ပါကြောင်း ပြောကြားကာ သင်တန်းသား၊ သင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။

ကာယပညာနှင့် အားကစားအခြေခံ နည်းပြသင်တန်းများကို ၁၉၈၅ ခုနှစ်က အမှတ်စဉ်(၁) စတင်ဖွင့်လှစ်ခဲ့ပြီး အမှတ်စဉ်(၂၁)အထိ ကာယပညာ ဆရာ၊ ဆရာမ ၈၆၂၄ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ယခုဖွင့်လှစ်သည့် သင်တန်းသို့ အခြေခံပညာကျောင်းများမှ ဘွဲ့တစ်ခုခု ရရှိပြီးသူ လက်ထောက်မူလတန်းပြ၊ လက်ထောက်အလယ်တန်းပြ ဆရာ၊ ဆရာမ လုပ်သက်(၂)နှစ် ရှိသူများနှင့် ဒုတိယမူလတန်းပြ၊ ဒုတိယအလယ်တန်းပြ လုပ်သက်(၁)နှစ်ရှိ သူသင်တန်းသား ၂၄၀ နှင့် သင်တန်းသူ ၁၆၀ တက်ရောက်လျက်ရှိပြီး ရက်ပေါင်း ၅၀ ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်သည်။

သင်တန်းတွင် ကာယပညာစီမံအုပ်ချုပ်မှု၊ ကာယပညာအခြေခံ သဘောတရား၊ ကာယ ပညာနှင့်အားကစားသင်ပြမှု၊ ခန္ဓာဗေဒနှင့်ဆေးပညာ၊ Biomechanic ၊ ကာယပညာနှင့် KG+12 သင်ရိုး စသည့်ဘာသာရပ်များကို စာတွေ့သင်ကြားပြီး အားကစားနည်းများ အနေ ဖြင့် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများအားလုံး သင်ကြားပို့ချနိုင်မည့် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင် အားကစားနည်းများနှင့် အခြေခံစစ်ရေးပြ၊ ကာယကြံ့ခိုင်မှုဘာသာရပ်များကို   စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်