ဘုတလင် ၄ ဒီဇင်ဘာ
ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျွဲနွား များအား ခွာနာ၊ လျှာနာ ကာကွယ်ထိန်းချုပ်ရေးစီမံချက်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင် မြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ဒီဇင်ဘာလ(၁)ရက်မှ စတင်ပြီး ခွာနာ၊ လျှာနာ ကာကွယ် ဆေးများ အခမဲ့ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လွင်ထံမှ သိရသည်။

“ဘုတလင်မြို့နယ်အတွင်းက စီမံချက်ဝင် ကျေးရွာ(၅၅)ရွာမှာ ရှိတဲ့ ကျွဲနွားကောင်ရေ ၁၂၁၂၀ ကို ခွာနာ၊ လျှာနာ ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ကျွဲနွားများ လျှာနာတဲ့အခါ ပါးစပ်က သွားရည်များ ကျလာပြီး အစာမစားနိုင်ခြင်း၊ ခွာနာတဲ့အခါ ခွာပန်းကုံးနဲ့ ခွာကွဲကြားမှာ အနာတွေ ဖြစ်လာပြီး လမ်းမသွား နိုင်တော့တဲ့အတွက် ကျွဲနွားများကို အနားပေးရခြင်းတို့ကြောင့် လယ်ယာ လုပ်ငန်းခွင်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် ခွာနာ၊ လျှာနာကာကွယ်ဆေးများကို စီမံချက် အနေဖြင့် (၆)လ တစ်ကြိမ် ထိုးနှံပေးလျက်ရှိပါတယ်”ဟု မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လွင်က ပြောသည်။

ခွာနာ၊ လျှာနာကာကွယ်ဆေး ထိုးနှံပေးရာ ဒီဇင်ဘာလ(၃)ရက်အထိ ကျွဲနွားကောင်ရေ ၃၀ဝ၀ ကို ကာကွယ် ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ဒီဇင်ဘာလ (၁၂)ရက်အထိ ကျန်ရှိသည့် ကျွဲနွားများကို ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။


ဖိုးခါး(ပြန်/ဆက်)