ဒေါက်တာ ခင်ဥမ္မာလွင် (တိရစ္ဆာန်ဆေးကုဆရာဝန်)
ကျွဲနွားများသည် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ အခြားသော ပဲမျိုးစုံတို့၏ ဘေးထွက်များနှင့် မြက်များကိုစားသုံးပြီး လူတို့အတွက် တန်ဖိုးရှိသော အာဟာရများကို ထုတ်လုပ်ပေးနေသဖြင့် အစာချေဖျက်မှုတွင် မရှိမဖြစ်ပါဝင်သော အစာအိမ်ထဲရှိ အကျိုးပြုအဏုဇီဝပိုးများ၏ အခန်းကဏ္ဍကိုလည်း လက်လွတ်ထား၍ မရပေ။ ရှုပ်ထွေးဆဲဖြစ်သော စားမြုံ့ပြန်တိရစ္ဆာန်များ၏ အစာအိမ် ဇီဝဖြစ်စဉ်တွင် ဗက်တီးရီးယားများ၊ မက်သနိုဂျင် ဗက်တီးရီးယားများ၊ ပရိုတိုဇိုးဝါးများ၊ ဖန်ဂျီများ၊ ဗက်တီးရီးယားစားသော ဗိုင်းရပ်စ်များနှင့် ဗိုင်းရပ်စ်များ ပါဝင်ကြ သည်။ အကျိုးပြုအဏုဇီဝပိုးများဖြစ်သည့် ဗက်တီးရီးယား (Rumen bacteria)၊ ဖန်ဂျီ (Rumen fungi)၊ ပရိုတိုဇိုးဝါး (Protozoa)နှင့် မက်သနိုဂျင် ဗက်တီးရီးယားများ (Methanogen) သည် အစာ ချေဖျက်မှုဖြစ်စဉ်ကို ဦးဆောင်နေကြသည်။
အစာချေဖျက်မှုအတွက်အကျိုးပြုသော အဏုဇီဝပိုးများ
အစာအိမ်ထဲတွင် ဗက်တီးရီးယား မျိုးစိတ်ခန့်မှန်းခြေ ၇၀၀၀ ကျော်၊ မက်သနိုဂျင် ဗက်တီးရီးယားမျိုးစိတ် ၁၇၀၀ နှင့် ဖန်ဂျီ ၁၀ ရာခိုင်နှုန်း ရှိကြောင်းဖော်ပြကြသည်။ အစာအိမ်ထဲရှိ အစာချေရည် (၁) မီလီမီတာ၌ ဗက်တီးရီးယား ကောင်ရေ သန်း ၂၅၀၊ ပရိုတိုဇိုးဝါး ၁၀ သန်း၊ ဖန်ဂျီ ၀ ဒသမ ၀၁ သန်း ပါရှိကြောင်း သုတေသနပြု ထားပါသည်။ ၎င်းတို့အားလုံးသည် အစာချေဖျက်မှုဖြစ်စဉ်အတွက် အကျိုးပြုသော အဏုဇီဝပိုးများ ဖြစ်ကြသည်။ နွားတစ်ကောင်၌ အစာအိမ်ထဲ တွင် အကျိုးပြု အဏုဇီဝပိုးပေါင်း (၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀) ရှိသည်။
အကျိုးပြုအဏုဇီဝပိုးများ၏ အရေအတွက်အနည်းအများကို ဖြစ်ပေါ်စေသည့် အရေးကြီးသည့် အဓိကအချက် နှစ်ချက်မှာ အစာကျွေးမွေးမှုစနစ်နှင့် အစာကျွေးပြီးနောက် အချိန်အပိုင်း အခြားအလိုက် ပေါ်မူတည်၍ ပြောင်းလဲ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
အကျိုးပြုအဏုဇီဝပိုးများဖြစ်သည့် ဗက်တီးရီးယား၊ ဖန်ဂျီ၊ ပရိုတိုဇိုးဝါး နှင့် မက်သနိုဂျင် ဗက်တီးရီးယားများသည် အပင်မှရရှိသော ဖိုင်ဘာများကို အသုံးဝင်သော ကာဗွန်ဟိုက်ဒရိုက်နှင့် အသားဓာတ်များအဖြစ် ပြောင်းလဲပေး သည်။ အကျိုးပြုအဏုဇီဝပိုးများ သေဆုံး သွားပါကလည်း ခန္ဓာကိုယ်အတွက် အသားဓာတ်ကို ဖြည့်ဆည်းပေးပြီး အသားဓာတ်ရရှိသော အရင်းအမြစ်၏ (၂/၃) ကို ရရှိစေသည်။ (ပုံ - ၁)
ကျွဲနွားများ၏ အစာအိမ်ထဲ၌ ဗက်တီးရီးယားပါဝင်မှု ၉၅ ရာခိုင်နှုန်းရှိပြီး အစာကိုတွယ်ကပ်သော ဗက်တီးရီးယား၊ အရည်ကိုတွယ်ကပ်သော ဗက်တီးရီးယား၊ အစာအိမ်နံရံများကို တွယ်ကပ်သောဗက်တီးရီးယားများနှင့် ဆဲလ်များကို တွယ်ကပ်သော ဗက်တီးရီးယားများအဖြစ် တည်ရှိနေကြသည်။ အစာအိမ်ထဲတွင် ဖိုက်ဘာကို ချေဖျက်နိုင်စွမ်း အကောင်းဆုံးဗက်တီးရီးယား မျိုးစုများမှာ Fibrobacter ၊ Rumino-coccus နှင့် Butyrivibrio တို့ ဖြစ်ကြပြီး Cellulolytic ဗက်တီးရီးယားများ ဟုလည်း ခေါ်ကြသည်။ တိရစ္ဆာန်အစာပင် များတွင် ပါဝင်သော Cellulose နှင့် Hemicellulose တို့ကို အဆိုပါ ဗက်တီး ရီးယားများက အဓိက ချေဖျက်၍ ခန္ဓာ ကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ဖြစ်စေပါသည်။ Cellulose ၏ polymer တစ်ခုတွင် ဂလူးကို့စ် (၇၀၀၀ မှ ၁၅၀၀၀) ခန့်ရှိပြီး polymer ပြိုကွဲမှုများမှ ဂလူးကို့စ်များစွာကို ရရှိစေ၍ ကျွဲနွားအတွက် လိုအပ်သောစွမ်းအင်ကို ရရှိစေသည်။

နို့စားနွား မွေးမြူရေးတွင်အထောက်အကူပြု
ကျွဲနွားများ၏ အဓိကအစာဖြစ်သော ကောက်ရိုးသည် Lignin ပမာဏများသောကြောင့် တစ်ခုတည်းကျွေးပါက ဗက်တီးရီးယားအရေအတွက်တိုးမလာခြင်းကို တွေ့ရသောကြောင့် အစာချေဖျက်မှုလွယ်ကူစေရန် အပိုင်းငယ်များ ပိုင်းဖြတ်၍လည်းကောင်း၊ သကာရည်ထည့်၍ လည်းကောင်းကျွေးမွေးခြင်းဖြင့် ဗက်တီးရီးယားများ၏ ပမာဏများလာစေနိုင်သည်။ အစာခြောက်ကျွေးခြင်း ထက် အစာစိုကျွေးခြင်းသည်လည်း ဗက်တီးရီးယားများ၏ ပမာဏကို တိုးစေပါသည်။ ထို့ပြင် ကောက်ရိုးကို ချဉ်ဖတ်ပြုလုပ်ကျွေးမွေးခြင်း၊ မြက်ချဉ်ဖတ်ပြုလုပ် ကျွေးမွေးခြင်းများတွင် ဗက်တီးရီးယားများ၏အရေအတွက် တိုးလာစေပြီး အာဟာရရရှိမှုမြင့်မားကြောင်း သုတေသနများအရသိရှိရသည်။ နို့စား နွားမွေးမြူရေးလုပ်ငန်းတွင်လည်း အကျိုးပြုအဏုဇီဝပိုးများ၏ အခန်း ကဏ္ဍသည် နို့ထုတ်လုပ်မှု မြင့်တက်စေခြင်းနှင့် နို့အာဟာရတန်ဖိုးမြင့်တက်ခြင်းကို အထောက်အကူပြုပါသည်။
သုတေသန ပြုလုပ်ချက်များအရ ကျွဲနှင့်နွားများကို နေဗီယာမြက်နှင့် အစာနုကို တူညီသောအချိုးဖြင့် ကျွေးမွေး ၍ Cellulolytic ဗက်တီးရီးယားများဖြစ်သည့် Fibrobacter နှင့် Ruminococcus တို့၏ ပမာဏကို တိုင်းတာရာတွင် နွားများတွင် ပိုမိုများသည်ကို လေ့လာတွေ့ရှိခဲ့ရသဖြင့် နွားများသည် အစာနုနှင့် အစာကြမ်းကို အလျော့အတင်းလုပ်၍ ထုတ်လုပ်မှုကောင်းစေရန် ဆောင်ရွက်နိုင်ကြောင်း တွေ့ရသည်။ ကျွဲများသည် အစာကြမ်း ပမာဏများများကျွေးရန် လိုအပ်ပြီး ပိုမိုကျွေးသော အစာကြမ်းများအတွက် ဖန်ဂျီအရေအတွက် များလာပြီး ချေဖျက်မှုစွမ်းအင် ပိုကောင်း၍ လိုအပ်သော အာဟာရစွမ်းအင်ကို ထောက်ပံ့နိုင်ကြောင်း လေ့လာခဲ့ရပါသည်။ ထို့ပြင် Cellulolytic ဗက်တီးရီးယားများမှ Ruminococcus မျိုးစုကို ကျွဲနွားများတွင် ပိုမိုတွေ့ရှိရကြောင့် လေ့လာခဲ့ရသည်။ အာဟာရရရှိမှုပမာဏကို နှိုင်းယှဉ် ရာတွင် နွားများ၌ ဂလူးကို့စ် ပိုမိုရရှိခဲ့သည်။ သို့သော်အစာချေဖျက်မှုဖြစ်စဉ်မှ ထွက်ရှိသော မီသိန်းပမာဏသည် ကျွဲ များ၌ လျော့နည်းသည်ကို လေ့လာခဲ့ သည်။ အဆိုပါသုတေသနကို ကောက်နုတ်ကြည့်ပါက နွားများသည် အစာ ကြမ်းနှင့်အစာနုကို အချိုးကျရောနှော ကျွေးခြင်းဖြင့် ထုတ်လုပ်မှုကို ကောင်းစေခြင်း၊ ကျွဲများတွင် အစာကြမ်းကို အဓိက ထားကျွေးမွေးနိုင်ခြင်းနှင့် ကျွေးမွေးခြင်း ဖြင့် မီသိန်းထုတ်လုပ်မှု သိသိသာသာ တိုးတက်လာခြင်းမရှိသည်ကို လေ့လာခဲ့ ရပါသည်။ သို့သော် အစာကျွေးမွေးမှုစနစ်သည် မျိုးကွာခြားခြင်းထက် ကျွဲနွားများ၏ အသားနှင့် နို့ထုတ်လုပ်မှုတိုးစေခြင်းတွင် ပိုမိုအကျိုးသက်ရောက်ကြောင်း တွေ့ရှိရသည်။

အစာအိမ်၏ pH ကို ပုံမှန်ထိန်းသိမ်းနိုင်စွမ်းရှိ
ကျွဲနွားများကို စပါးဘေးထွက် အခြေခံနှင့် အစာနု၊ ဂျုံဘေးထွက် အခြေခံနှင့်အစာနု၊ မြက်ခြောက်နှင့် အစာနု၊ မြက်စိုနှင့်အစာနုများကို အချိုးကျကျွေးခြင်းဖြင့် ဗက်တီးရီးယားများ၏ ပမာဏကို ပုံစံအမျိုးမျိုး တိုးလာစေခြင်းများ လေ့လာတွေ့ရှိရသော်လည်း အစာနုအချိုးကို တိုးမြှင့်ကျွေးခြင်းသည် အစာအိမ် pH ကျလာပြီး ဗက်တီးရီးယားများ၏ ပမာဏကို လျော့နည်းစေသည်။ ကျွဲနွားများ၏ အစာအိမ်၏ pH မှာ ၆ ဒသမ ၂ မှ ၇ ဒသမ ၀ ရှိရပါမည်။ pH ကျဆင်းသွားပါက အစာချေဖျက်နိုင်သော ဗက်တီးရီးယားပမာဏကို လျော့နည်း စေသည်။ ဥပမာ - pH ၆ ဒသမ ၂ ထက် လျော့နည်းပါက ဗက်တီးရီးယားအရေအတွက် နည်းလာခြင်းနှင့် pH ၅ ဒသမ ၂ အောက်ရောက်ပါက ဗက်တီးရီးယားများကို သေစေနိုင်ပါသည်။ အစာများကို အပိုင်းပိုင်းပြုလုပ်၍ မစဉ်းဘဲ ကျွေးခြင်း ထက် အပိုင်းပိုင်းစဉ်း၍ ကျွေးမွေးခြင်းသည် စားမြုံ့ပြန်ရာတွင် ထွက်ရှိသော တံတွေးများ၏ အကူအညီဖြင့် buffer ကို ရရှိစေပြီး အစာအိမ်၏ pH ကို ပုံမှန် ရရှိစေရန် ထိန်းသိမ်းနိုင်စွမ်းရှိကြသည်။ ယခုဆိုလျှင် အသား၏ အရည်အသွေးနှင့်အရသာ ပိုမိုကောင်းမွန်လာစေ ရန် အစာချေဖျက်သော ဗက်တီးရီးယား များ ပမာဏတိုးလာစေရန် သုတေသန အများအပြား ပြုလုပ်လာကြသည်။
ကျွဲနွားများကို လှောင်အိမ်စနစ်ဖြင့် မွေးမြူခြင်းဖြင့် ရှိနိုင်သော ဗက်တီး ရီးယားအရေအတွက်၊ လွှတ်ကျောင်းစနစ် ဖြင့် မွေးမြူသောကြောင့် ရှိနိုင်သော ဗက်တီးရီးယားအရေအတွက်၊ အစာ ကျွေးမွေးမှုစနစ်မှ ရှိနိုင်သော ဗက်တီး ရီးယားအရေအတွက် စသဖြင့်သော သုတေသနများကို ရှာဖွေလာကြသည်။ ဗက်တီးရီးယားပမာဏ ပြောင်းလဲမှုပေါ်မူတည်၍ ခန္ဓာကိုယ်ကို ထောက်ပံ့ပေး နိုင်သော အာဟာရစွမ်းအင်အရင်းအမြစ် ဖြစ်သော Short Chain Fatty Acid (SCFA) ၊ Long Chain Fatty Acid (LCFA)နှင့် Ammonia (NH3) ထွက်ရှိမှု ကွာခြားကြသည်။
ထို့ကြောင့် မိမိဒေသမှ ထွက်ရှိသော အစာကုန်ကြမ်းများ၊ လွှတ်ကျောင်း ထိန်းသိမ်းမှုများ၊ မိမိဒေသနှင့် သင့်တင့် သောကျွဲ၊ နွား၊ သိုး၊ ဆိတ်မျိုးများသည် အသားထုတ်လုပ်မှုကွင်းဆက်၊ နို့ထုတ်လုပ်မှုကွင်းဆက်နှင့် ကုန်ကျစရိတ်ကွင်း ဆက်များမှာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာကြသည်။ ဒေသမှ အများဆုံး ရရှိနိုင်သည့် အစာကုန်ကြမ်းများအပေါ် အခြေခံ၍ ကျွဲနွားများ၏ အစာအိမ်ထဲရှိ အကျိုးပြုအဏုဇီဝပိုးများ အကြောင်း၊ အကျိုးပြုဗက်တီးရီးယားများအကြောင်းကို သုတေသနပြု ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ အပင်မျိုးစုံ ပေါက်ရောက်ရာ မြန်မာနိုင်ငံအနေဖြင့် အမျိုးမျိုးသော ဘေးထွက်များသည် ကျွဲနွားများ၏ အစာအတွက် အသုံးပြုနိုင်ရန် အကျိုးပြုအဏုဇီဝပိုးများ၏ ဇီဝဖြစ်စဉ်နှင့် အစာချေဖျက်မှုဖြစ်စဉ်တွင် ပါဝင် ဆောင်ရွက်နိုင်မှုများကို သိရှိ၍ ခန္ဓာကိုယ်အတွက် အာဟာရစွမ်းအင် ထောက်ပံ့နိုင်မှု သုတေသနပြု ဆောင် ရွက်သွားရမည် ဖြစ်ပါသည်။
ကျမ်းကိုးများ
၁။ Ruminal fermentation and microbial ecology of buffaloes and cattle fed the same diet: Khin Ohnmar LWIN, Makoto KONDO, Tomomi BAN-TOKUDA, Rosalina M LAPITAN , Arnel N. DEL-BARRIO, 2 Tsutomu FUJIHARA and Hiroki MATSUI.
၂။ Comparative analysis of rumen bacteria between water buffalo and cattle fed the same diet during their fattening period in the Philippine : Ken ASAI, Khin Ohnmar LWIN, Abraham G. TANDANG, Rosalina M. LAPITAN, Jesus Rommel V. HERRE-RA, Arnel N. DEL, Makoto KONDO, Tomomi BAN, Arfan ABRAR, Tsutomu FUJIHARA, Hiroki MATSUI.
၃။ Effects of dietary energy levels on rumen bacterial community composition in Holstein heifers under the same forage to concen-trate ratio condition : Yanliang Bi, Shuqin Zeng, Rong Zhang, Qiyu Diao and Yan Tu.