ကိုရင်သြ
ယခု ရက်သတ္တပတ်အစောပိုင်းက ယူကရိန်း ခရီးသည်တင်လေယာဉ်တစ်စင်းကို မိမိတို့က မတော်တဆ မှားယွင်းစွာ ပစ်ချမိခဲ့ပါသည်ဟု ဆိုသော အီရန်နိုင်ငံ၏ ဝန်ခံချက်ပါရှိသည့် ထုတ်ပြန်ကြေညာချက်တစ်ရပ် ဇန်နဝါရီ ၁၁ ရက်တွင် ပေါ်ထွက်လာသောအခါ လှုပ်လှုပ်ရွရွ အရှေ့အလယ်ပိုင်းဒေသ၏ မျက်ဖြူဆိုက်ဖွယ်ရာ ဖြစ်ရပ်အထွေထွေကို ကျွန်ုပ်မျက်စိတဆုံး စေ့ငုလေ့လာမိလေ၏။
“မဆီမဆိုင် လက်ပံသားဓားနဲ့ချိုင်”ဟူ ဘိသို့ပင် တင်းမာမှုများကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေဆဲကာလအတွင်း အပြစ်မဲ့အရပ်သားများသေဆုံးမှုကို ဖြစ်ပေါ်စေခဲ့ရသည့် ဖြစ်ရပ်တစ်ခုအဖြစ် နားလည်မှုလွဲမှားခြင်းကြောင့် မသက်ဆိုင်သူများ ဖြိုးဖြိုးဖြုတ်ဖြုတ် သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကို ကျွန်ုပ် ရှုမြင်မိလေသည်။
ဇန်နဝါရီ ၈ ရက်အစောပိုင်းက ယူကရိန်း လေယာဉ်ကြီး ပျက်ကျမှု ဖြစ်ပွားခဲ့၏။ လေယာဉ်ပေါ် လိုက်ပါလာသူ ၁၇၆ ဦးစလုံး သေပွဲဝင်ခဲ့ကြရ၏။ အီရန်နိုင်ငံက အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များ စခန်းချထားသော စစ်အခြေစိုက်စခန်းနှစ်ခုကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့် ဖြစ်စဉ်အတွင်း ယူကရိန်းလေယာဉ်မှာ လက်နက်စက်ကွင်းမှမလွတ်ဘဲ ကြမ္မာငင် ခဲ့ရ၏။
မြေစာပင်ဖြစ်ခဲ့ရ
မြို့တော်ဘဂ္ဂဒက် နိုင်ငံတကာလေဆိပ်အနီး အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ကြောင့် အီရန်စစ်ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီ ကျဆုံးခဲ့ရပြီးနောက် အီရန်ဘက်မှ ပထမဆုံးသော လက်စားချေ တုံ့ပြန်မှုအဖြစ် အီရတ်ရှိ အမေရိကန် စစ်စခန်းနှစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ရန်သူ၏ စစ်လေယာဉ်အဖြစ် ထင်မှတ်မှားကာ ယူကရိန်းခရီးသည်တင် လေယာဉ်ကြီး မြေစာပင်ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
အီရတ်နိုင်ငံ အန်ဘာပြည်နယ်ရှိ အိန်အယ်လ်အာဆတ် လေတပ်စခန်းနှင့် အာရဘီးပြည်နယ်ရှိ အမည်နာမ မဖော်ပြသော စစ်စခန်းတစ်ခုတို့ကို အီရန်က တာတိုပစ်ပဲ့ထိန်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဘဂ္ဂဒက်မြို့တော် အနောက်ဘက် ၁၄၄ မိုင်အကွာရှိ အိန်အယ်လ်အာဆတ်စစ်စခန်း အပါအဝင် စစ်စခန်းနှစ်ခုတွင်ရှိနေသော အမေရိကန်တပ်ဖွဲ့ဝင်များကို အီရန်က ပဲ့ထိန်းဒုံးအမျိုးအစားဖြစ်သည့် ဖီလား-၃၁၃ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် အမေရိကန်တပ်ဖွဲ့ဝင် ၈ဝ ခန့် ကျဆုံးခဲ့ရသည် ဟုအီရန်က အစောပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ မိမိတို့ဘက်မှ တစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးသူမရှိကြောင်း၊ အီရန်နိုင်ငံအနေဖြင့် မိမိတို့ကို အစွမ်းကုန် အင်အားသုံး၍ တိုက်ခိုက်ခဲ့သည့်တိုင် မိမိတို့ ဘက်မှကျဆုံးသူမရှိသဖြင့် အီရန်ခေါင်းဆောင် “ဖင်ထိုင်ကျသွားပြီ ဖြစ်ကြောင်း ပြန်လည် တုံ့ပြန်ပြောဆိုခဲ့သည်။
အီရန်ဗိုလ်ချုပ်ကြီး ဆိုလန်းမန်းနီ၏ နောက်ဆုံးဈာပနအခမ်းအနားတွင် သွေးပူသွေးဆူနေကြသူ အီရန်ပြည်သူများနှင့် ခေါင်းဆောင်များက လက်စားချေတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ပြုလုပ်သွားမည်ဟု ကြွေးကြော်ခဲ့ကြပြီး တင်းမာမှုအရှိန် အဟုန်မြင့်တက်နေချိန်တွင် နောက်ဆက် တွဲဖြစ်ရပ်များက မမျှော်လင့်ဘဲဖြစ်ပွားခဲ့ရသည်။
ဈာပနစီတန်းလှည့်လည်ပွဲ
ဆိုလန်းမန်းနီအား သူ၏ဇာတိရပ်မြေတွင် ဂူသွင်းသဂြိုဟ်ရန် ကနဦးတွင် ဇန်နဝါရီ ၇ ရက်ကို သတ်မှတ်ခဲ့သည်။ သို့ရာတွင် ဈာပနစီတန်းလှည့်လည်ပွဲတွင် လူသိန်းပေါင်းများစွာက ပါဝင်ခဲ့ကြရာ လူနင်းမှုများဖြစ်ပွားခဲ့ပြီး ၅၆ ဦးထက်မနည်း သေဆုံးခဲ့ရကာ ၂၁၃ ဦး ဒဏ်ရာရရှိခဲ့ရသည်။
အမေရိကန်စစ်သည်များကို ပစ်မှတ်ထားလျက် အီရတ်စစ်စခန်းနှစ်ခုကို ပဲ့ထိန်းဒုံး ၁၂ စင်းထက်မနည်းဖြင့် အီရန်က ပစ်ခတ်တိုက် ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဂူသွင်း၊ သဂြိုဟ်ပွဲကျင်းပခဲ့ခြင်း ဖြစ်သည်။ ။
အီရတ်နိုင်ငံရှိ စစ်စခန်းများတွင် အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀၀ ခန့် ဖြန့်ကြက်ထားသည်။ အီရတ်အစိုးရက ဘာသာရေးအစွန်းရောက် အိုင်အက်စ်စစ်သွေးကြွများကို ချေမှုန်းတိုက်ခိုက်ရာတွင် အကူအညီပေးနိုင်ရန် ယင်းနိုင်ငံရှိ စစ်စခန်းများတွင် အမေရိကန် တပ်ဖွဲ့များ ဖြန့်ကြက်ထားသည်ဟု ယူဆရသည်။
ထိုစဉ်အတွင်း အမေရိကန်စစ်ဘက်က ဗိုလ်ချုပ်ကြီး ဆိုလန်းမန်းနီအား လုပ်ကြံ သတ်ဖြတ်သည့် နေ့ရက်တစ်ရက်တည်းမှာပင် ယီမင်နိုင်ငံရှိ အီရန်စစ်ဘက်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးကို အမေရိကန်တပ်ဖွဲ့ က လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့သေးကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ယီမင်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့၏ ပစ်မှတ်ထားခြင်းခံခဲ့ရသူမှာ အီရန်လက်ရွေးစင် ကို့စ်တပ်ဖွဲ့မှ တပ်မှူးကြီးဖြစ်သူ အဗ္ဗဒူလ်ရီဇာရှာလိ ဆိုသူဖြစ်ပြီး ၎င်းအား လုပ်ကြံသတ်ဖြတ်နိုင်ရန် ကြိုးပမ်းခဲ့သည့်တိုင်အောင် အောင်မြင်မှုမရှိခဲ့ဟု ဆိုသည်။ ယင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ အမေရိကန် တာဝန်ရှိသူက အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ ရှာလိသည် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြည်ပစစ်ဆင်ရေး လုပ်ငန်းများကို တာဝန်ယူရသော ကို့စ်တပ်ဖွဲ့ ၏ တပ်မှူးကြီး ဖြစ်သည်။ ။
ယီမင်ပြည်တွင်းစစ်
ယနေ့ထက်တိုင်အောင် ဆက်လက် ဖြစ်ပွားနေဆဲယီမင်ပြည်တွင်းစစ်တွင် အစိုးရတပ်ဖွဲ့နှင့် ဟူသီသူပုန်တို့အကြား တိုက်ခိုက်မှုများရှိနေသည်။ ဟူသီသူပုန်အဖွဲ့သည် လောလောဆယ်တွင် မြို့တော်ဆာနားကို ထိန်းချုပ်ထားပြီး သမ္မတဟောင်း အလီ အဗ္ဗဒူလာဆာလားအား သစ္စာခံသည့် တပ်ဖွဲ့များနှင့် မဟာမိတ်ပြုထားသည်။ ဟူသီသူပုန် အဖွဲ့သည် အီရန်၏ အထောက်အပံ့များ ရရှိနေသည်ဟု ယူဆရပြီး ဆော်ဒီအာရေဗျနိုင်ငံက ယီမင်ပြည်တွင်းစစ်တွင် စစ်ရေးအရ ကြားဝင်စွက်ဖက်မှုများ ပြုလုပ်နေသည ဆို၏။
ဆော်ဒီလိုလားသော ယီမင်သမ္မတ ဟာဒီအား စစ်ရေးအကူအညီပေးနိုင်ရန် အာရှအနောက်ပိုင်းနှင့် အာဖရိကတိုက်တို့မှ နိုင်ငံကိုးနိုင်ငံပါဝင်သော ညွန့်ပေါင်းအဖွဲ့ကို ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်လျက်ရှိသည်။
တင်းမာမှုများ အရှိန်အဟုန်မြင့်တက်လာချိန်တွင် အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းပေးရန် အီရတ်ပါလီမန်က ဇန်နဝါရီ ၅ ရက်တွင် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့သည်။ မိမိတို့ မြေပေါ်မှ နိုင်ငံခြားတပ်ဖွဲ့များကို မောင်းထုတ် ရန်ရည်ရွယ်၍ အီရတ်ပါလီမန်က ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသားတပ်ဖွဲ့ များ ပြန်လည်ရုပ်သိမ်းရေးပါလီမန်၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ပေးပါဟု အီရတ် ဝန်ကြီးချုပ် နုရ်အယ်လ်မာလီကီက ဇန်နဝါရီ ၆ ရက်တွင် တောင်းဆိုခဲ့သည်။
အရေးယူပိတ်ဆို့မှုများ သို့ရာတွင် အမေရိကန်က အီရတ်ပါလီမန်၏ ဆုံးဖြတ်ချက်ကို ငြင်းဆန်ခဲ့သည်။ အမေရိကန်သည် တပ်ဖွဲ့ ရုပ်သိမ်းရေးကိစ္စကို ငြင်းဆန်လိုက်ချိန်မှာပင် အီရန်နိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ နောက်ထပ်ပြုလုပ်ရန် ထုတ်ပြန်ကြေညာခဲ့သည်။ အီရန်၏ စီးပွားရေး အထိနာစေရန် နယ်ပယ်ကဏ္ဍ ပေါင်းစုံကို ပစ်မှတ်ထားသည့်အ ရေးယူပိတ်ဆို့မှုများကို ထပ်မံပြုလုပ်သွားမည်ဟု သမ္မတထရမ့် အစိုးရအဖွဲ့က ဇန်နဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဆောက်လုပ်ရေး၊ ကုန်စည်ထုတ်လုပ်မှု၊ အထည်အလိပ်နှင့် ဓာတ်သတ္တု တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း ကဏ္ဍများ အပါအဝင် စီးပွားရေးကဏ္ဍ အများအပြားကို ပစ်မှတ်ထားကြောင်း အမေရိကန် အစိုးရ၏ကြေညာချက်တွင်ဖော်ပြထားသည်။
သမ္မတ၏အမိန့်ဒီဂရီဖြင့် ထုတ်ပြန်လိုက်သော အီရန်အပေါ် စီးပွားရေးပိတ်ဆို့ရေး အမိန့်တွင် ယင်းနိုင်ငံ၏ သံနှင့်သံမဏိ ထုတ်လုပ်ရေး အကြီးဆုံးကုမ္ပဏီများ၊ ဆေးရှဲလ် အခြေစိုက် အီရန်ကုမ္ပဏီသုံးခု၊ အီရန်ထုတ်ကုန်များကို သယ်ယူပို့ဆောင်ပေးသော သင်္ဘောကုမ္ပဏီတစ်ခုတို့ အကျုံးဝင်ပါရှိပြီး စီးပွားရေးပိတ်ဆို့မှုကြောင့် အီရန်အစိုးရမှာ ဒေါ်လာငွေ ကုဋေပေါင်းများစွာ ဆုံးရှုံးရလိမ့်မည်ဟု ဆိုသည်။
ထိုစဉ်အတွင်း အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်ရှိ လုံခြုံရေးတင်းကျပ်လှသော “အစိမ်းရောင်ဇုန်နယ်မြေ” အနီးအပါးတွင် ဇန်နဝါရီ ၈ ရက်က ရော့ကတ်ဒုံးကျည်ငယ်များ ကျရောက်ပေါက်ကွဲခဲ့သည်။ သို့ရာတွင် အမေရိကန် တပ်ဖွဲ့ဝင်များအပါအဝင် ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း အိုင်အက်စ်အဖွဲ့ကို ချေမှုန်းနေသည့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ ပြောခွင့်ရသူတစ်ဦးက ပြောကြားခဲ့သည်။
အီရန်နှင့် အမေရိကန်တို့အကြား စစ်ပွဲ ဖြစ်လုနီးပါးအခြေအနေသို့ ဆိုက်ရောက်ခဲ့ရ ပြီးနောက် ရက်သတ္တတစ်ပတ်အကြာတွင် အမေရိကန်သမ္မတ၏ စစ်ရေးအရ အရေးယူ နိုင်မှုစွမ်းပကားကို ကန့်သတ်ချုပ်ချယ်သော ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန် အောက်လွှတ်တော်က ဇန်နဝါရီ ၉ ရက်တွင် အတည်ပြုပေးခဲ့သည်။ အောက်လွှတ်တော် တွင် ထောက်ခံမဲ ၂၂၄ မဲ၊ ကန့်ကွက်မဲ ၁၉၄ မဲဖြင့် အတည်ပြုခဲ့သော ဆုံးဖြတ်ချက်အရ ကွန်ဂရက်လွှတ်တော်၏ သဘောတူညီချက် မရယူဘဲ အီရန်နိုင်ငံအား အမေရိကန်သမ္မတက စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိစေရန် ပိတ်ပင်တားမြစ်ခဲ့သည်။ ယခုအခါတွင်မူ အဆိုပါဆုံးဖြတ်ချက်ကို အထက်လွှတ်တော်က အတည်ပြုပေးရမည့်အဆင့်သို့ ရောက်ရှိသွားပေပြီ။
သမ္မတထရမ့်၏ စစ်ရေးစွမ်းပကားကို ထိန်းချုပ်ဟန့်တားမှု ပြုလုပ်ရန်ရည်ရွယ်သော အောက်လွှတ်တော်၏ ဆုံးဖြတ်ချက်သည် အမေရိကန်အစိုးရအနေဖြင့် မလိုက်နာမနေရ သဘောမျိုးသက်ရောက်သည့် ဆုံးဖြတ်ချက် မဟုတ်သည့်တိုင်အောင် ကျင့်ဝတ်သိက္ခာပိုင်းအရ စောင့်စည်းအပ်သော တရားများကိုအာဏာရှင်များအလေးထားရန် ညွှန်းဆိုလိုက် ခြင်းအဖြစ် ရှုမြင်ရ၏။
အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ အီရန်က သဲသဲမဲမဲတိုက်ခိုက်ခဲ့သည့်တိုင်အောင် အမေရိကန် ဘက်မှ အကျအဆုံး အထိအခိုက်မရှိသဖြင့်အီရန်အား စစ်ရေးအရ အရေးယူမည့်နည်းလမ်းများ လတ်တလောတွင်မရှိတော့ဟုသမ္မတထရမ့်က ထုတ်ဖော်ပြောဆိုခဲ့လေ သည်။ သမ္မတထရမ့်သည် လတ်တလော အခြေအနေအရ စစ်ရေးနည်းလမ်းကို ထပ်မံမသုံးတော့ဘဲ စီးပွားရေးပိတ်ဆို့မှု နည်းလမ်းကိုအသုံးပြု၍ အီရန်အားဆက်လက်အရေးယူ သွားမည်ဟုလည်း မိန့်ဆိုခဲ့သည်။
မြေစာပင်
လွန်ခဲ့သည့် ရက်သတ္တပတ်က နှစ်နိုင်ငံ အကြား စစ်ပွဲဖြစ်လုနီးပါး အခြေအနေအထိဆိုက်ရောက်ခဲ့ရသော တင်းမာမှုတွင်မြေစာပင်ဖြစ်ရသည့်နိုင်ငံမှာ အီရတ်နိုင်ငံ ဖြစ်သည်။ နှစ်နိုင်ငံအကြား ကာလသမနိ ရှည်ရှည် ရှိလာခဲ့သော “ကျောင်းတော်မှ ရန်စ” မှအစပြုကာ ဗိုလ်ချုပ်ကြီး ဆိုလန်းမန်းနီ သေဆုံးခဲ့ရသည့်ဖြစ်စဉ်အထိ တင်းမာမှု အထွေထွေတွင် မိမိတို့နိုင်ငံ မြေစာပင်ဖြစ်နေရကြောင်း အီရတ်ခေါင်းဆောင် အယာတိုလာ အလီစစ္စတာရီက ဇန်နဝါရီ ၁၁ ရက်တွင် ဝေဖန်ပြောကြားခဲ့သည်။ အီရန်နှင့်အမေရိကန်အကြား ဖြစ်ပေါ်နေသော တင်းမာမှုကြောင့် မိမိတို့နိုင်ငံအတွင်းမှာရော၊ အရှေ့အလယ်ပိုင်း ဒေသတစ်ခွင်မှာပါ လုံခြုံရေးအခြေအနေ ပိုမို ဆိုးရွားလာလိမ့်မည်ဟု သူကသတိပေးသည်။
အီရတ်ခေါင်းဆောင်ကြီး ပြောသလိုပင်အရှေ့ အလယ်ပိုင်းဒေသ မလုံမခြုံဖြစ်ရမှုတွင် ပြည်သူများလည်း မြေစာပင်သဖွယ် ထိခိုက်မှုများ ရှိနိုင်ပေလိမ့်မည်။ စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေစဉ် မီးခိုးကြွက် လျှောက် ဘေးဆိုးကြမ္မာများ ဆိုက်ရောက်တတ်ပုံကို ယူကရိန်း ခရီးသည်တင်လေယာဉ် မှားယွင်းပစ်ချခံရမှုဖြစ်စဉ်က သာဓက ဆောင်လျက်ရှိသည်။
ဆွမ်းခံရင်း ငှက်သင့်
“ဆွမ်းခံရင်း ငှက်သင့်” ရဘိအလားအီရန်က ပစ်ခတ်လိုက်သော Tor-MI ဟု ယူဆရသည့် လေယာဉ်ပစ် ဒုံးတစ်စင်းက ယူကရိန်းခရီးသည်တင် ဂျက်လေယာဉ်ကြီးကို ပစ်ချမိခဲ့သည်။ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို အီရန်က ဒုံးလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယူကရိန်းနိုင်ငံတကာ လေကြောင်းဌာနပိုင် ဘိုးရင်းလေယာဉ်ကြီး မြေပြင်မှဝေဟင်ပစ် ဒုံးကျည်ထိမှန်ခံခဲ့ရသည်။
မိမိတို့ဘက်မှ အမြင့်ဆုံးတပ်လှန့်ထားစဉ် ခရီးသည်တင်လေယာဉ်တစ်စင်းကိုရန်သူ၏ ပစ်မှတ်အဖြစ် နားလည်မှုလွဲကာ ကြိုတင်ရည်ရွယ်ထားခြင်းမရှိဘဲ မှားမှားယွင်းယွင်းဖြင့် ပစ်ခတ်မိခဲ့ပါသည်ဆိုသော အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ဇန်နဝါရီလ ၁၁ ရက်က ကြေညာချက်သည် ဒေါသမာန်ဟုန် ပြင်းထန်နေချိန် ရှူးရှူးရှားရှား လက်တုံ့ပြန်ရာမှ အမှားတွေ့တတ်ပုံကို ဖော်ညွှန်းနေသည့် သာဓကဖြစ်စဉ်တစ်ခုအဖြစ် ကျွန်ုပ် တွေးတောမိရင်း “ကျွဲနှစ်ကောင် ခတ်သည့်ကြား မြေစာပင်မခံနိုင်”ဟု ကျူးရင့် မိပါသတည်း။ ။
Ref: Iran Admits It Shot Down Boeing Jet, Reversing Days of Denials
(Bloomberg)