၂ ဇူလိုင်
တာလီဘန်သောင်းကျန်းသူများ အဆက်မပြတ်တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်နိုင်ငံ လုံခြုံရေးအခြေအနေမှာ ဆက်လက်ပြီး ပိုမိုဆိုးရွားလာကြောင်း ဖော်ပြထားသည်။
ယမန်နေ့အစောပိုင်းက ကဘူးလ်မြို့တော်တွင် ကုန်တင်ကားတစ်စီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားသဖြင့် တစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၉၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ကဘူးလ် မြို့တော်၏ သံတမန်ရပ်ကွက်တွင် ပေါက်ကွဲပစ္စည်းတင်ဆောင်လာသော ကုန်တင်ကားတစ်စီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ ထို့နောက် သေနတ်သမားများသည် အနီးနားရှိ အစိုးရခြံဝင်း သို့ဝင်ရောက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။ ဒဏ်ရာရရှိသူများတွင် ကျောင်းသားလူငယ်များ ပါဝင်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်သည်ဟု တာလီဘန်တို့က ဆိုသည်။
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်တွင် အစိုးရလိုလားသည့် တိုက်ခိုက်ရေးသမား အယောက် ၄၀ ကျော် သေဆုံးခဲ့ပြီး တောင်ပိုင်း ကန်ဒါဟာ ပြည်နယ်ရှိ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ရှစ်ဦးထက်မနည်းသေဆုံးခဲ့သည်။
ကာတာနိုင်ငံကျင်းပသည့် အမေရိကန် နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နောက်ဆုံးအဆင့်တွင် တာလီဘန်တို့ ပါဝင်ချိန်တွင် ယင်းသို့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုဆွေးနွေးပွဲများတွင် အသာစီးရရှိရန် ယင်းအုပ်စုက ၎င်းတို့၏ တိုက်ခိုက်မှု စွမ်းရည်ပြသခြင်းဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ဆိုသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို