ရန်ကုန် ၂၉ သြဂုတ်
KBZ BANK WOMEN'S LEAGUE 2018 နောက်ဆုံးပွဲစဉ် (Week 14)ပွဲစဉ် အမှတ် (၅၆)အဖြစ် မြဝတီနှင့် သစ္စာအားမာန် တို့၏ ပွဲစဉ်တွင် နာမည်ကျော် အနုပညာရှင်များဖြစ်သည့် မြန်မာပြည်သိန်းတန်၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ဇွဲပြည့်၊ Gae Gae၊ Myanmar Idol Season 3 Winner ဆုရှင် ဖြိုးမြတ်အောင် နှင့် DJ သော်သော်တို့မှ တီးခတ်သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး ခေမီကို အကအဖွဲ့၏ ကပြဖျော်ဖြေမှုကိုလည်း ပရိသတ်များ အခမဲ့ အားပေးကြည့်ရှုခွင့်ရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ အမျိုးသမီးလိဂ် ကျင်းပရေးကော်မတီမှ ဦးစီး၍ KBZ Bank မှ အဓိက စပွန်ဆာအဖြစ် ပံ့ပိုးကူညီသည့် KBZ Bank Women's League 2018 အမျိုးသမီးလိဂ် ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် အောင်ဆန်း အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။
ယခုနှစ် မြန်မာအမျိုးသမီးလိဂ်တွင် မြဝတီအသင်းနှင့် သစ္စာအားမာန် အသင်းတို့ ရမှတ်တူညီနေခဲ့ပြီး မြဝတီအသင်းက ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေလျက်ရှိသည်။ ထို့ကြောင့် လက်ရှိချန်ပီယံ ဖြစ်သည့် မြဝတီအသင်းသည် ချန်ပီယံဆုဖလား ကာကွယ်ရေးအတွက် သစ္စာအားမာန်အသင်းကို ယနေ့ပွဲစဉ်တွင် အနည်းဆုံး သရေတစ်မှတ် ရရှိရန် ချန်ပီယံဆုဖလားဆွတ်ခူးရရှိနိုင်မည်ဖြစ်သည်။ သစ္စာအားမာန်အသင်းမှာလည်း ပထမဆုံးအကြိမ် ချန်ပီယံဆုဖလား ရရှိရေးအတွက် မြဝတီကို အနိုင်ကစားရမည်ဖြစ်ရာ အကြိတ်အနယ်ရှိမည့် ပွဲစဉ်လည်း ဖြစ်သည်။ အဆိုပါ အသင်းနှစ်သင်းစလုံးမှာ ယခုနှစ်ရာသီလိဂ်ပွဲစဉ်တလျောက် ရှုံးပွဲမရှိကြသေးကြောင်း သိရသည်။
အဆိုပါ ပွဲစဉ်အား မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်(live) ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
MDN
ဓာတ်ပုံ - MFF