ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့

ကိုဇော်ဌေး (ယဉ်ကျေးမှု)

နွေလေးလတို့အနက် ကဆုန်လသည် နွေ၏ဗဟိုချက်မ အလယ်ကျသောလဖြစ်သည်။ ရှေ့တွင် နွေတစ်လခွဲရှိခဲ့၍ နောက်တွင်လည်း နွေတစ်လခွဲရှိသဖြင့် ကဆုန်လသည် အလယ်ကျနေခြင်းဖြစ်သည်။ ဗဟိုအချက်အချာကျနေသဖြင့် လွန်လွန်မင်းမင်း၊ ပြင်းပြင်းထန်ထန် အပူလွန်ကဲသည့်လဟုလည်း ပြောနိုင်သည်။ ကဆုန်နွေ၏ ပူပြင်းမှုကို မဟာအတုလမင်းကြီးက-

“မြူခြေငယ် စွန်းပါလို့၊ နေဝန်းငယ်စက်ရှိန်၊

တောက်လောင်ငယ်ထိန်သည်၊

ဖလ်သူရိန်တေဇာကြောင့်၊

ပူဗျာပါကဲတဲ့ လကိုလေး။”

ဟူ၍ အပူဒဏ်ခံစားချက်ကို ဖော်ပြမှတ်တမ်းတင်သွားသည်။ ကဆုန်လ၌ နေသည် အခြားလများထက် ပို၍ပူသည့်အကြောင်းကို သိလို၍ ကျည်းကန်ရှင်ကြီး ‘နန္ဒဓဇ’ က -

“ဗာဟီလမ်းသည် နေ့မရှည်၊ မည်သို့ ကျမ်း၌ လာသနည်း”ဟု စွယ်စုံကျော်ထင် ပုစ္ဆာပြုတော့သည်။ ယင်းပုစ္ဆာကို ကျီးသဲလေးထပ်ဆရာတော်က ဖြေပြလာသည်-

“ဗာဟီရဝီထိသို့ နေသွားသောအခါ လူနေနှင့် ခရီးဝေးသောကြောင့်၊ နေမင်းထွက်လာသည်ကို မြင်ရသည်။” (စွယ်စုံကျော်ထင်ကျမ်း၊ ဒု-၁၇၄)

တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ ဟူသည့်လေးလသည် ဗာဟီရဝီထိ မည်သည်။ နေသည် ယင်းလေးလ၌ ဗာဟီရဝီထိ အပြင်လမ်းခရီးဖြင့် သွားသည်။ တစ်ဖန် ဆောင်းရာသီလည်း ဖြစ်သည်။ ဆောင်းလ၌ ဗာဟီရဝီထိသို့ နေသွားသောအခါ နေနှင့် ခရီးဝေးသည်ဆိုသော အဖြေစကားအရ နေသည်ဆောင်းလ၌ ကမ္ဘာနှင့်ဝေးကြောင်း သိရသည်။ ကမ္ဘာနှင့်ဝေး၍ အပူသက်သာရကြောင်း သိရသည်။

ကဆုန်လ၌မူ နေသည် ‘အန္တောဝီထိ’ အတွင်းလမ်းကြောင်းအတိုင်း သွားကြောင်းကို ကျီးသဲ လေးထပ်ဆရာတော်က ဤသို့ မိန့်သည်-

“ထို ဝီထိ သုံးပါးတို့တွင် အတွင်းစွန်းဖြစ်သော အန္တောဝီထိဖြင့် နေသွားသောအခါ အရှေ့ဗြုဗ္ဗာဝိဒေဟကျွန်း၌ မွန်းမတည့်မီ သုံးနာရီကပင် ဇမ္ဗူဒိပ်ကျွန်း၌ နေထွက်သည်။ ဇမ္ဗူဒိပ်ကျွန်း၌ တစ်နေ့လုံး လည်ပတ်၍ အနောက်ဖြစ်သော အပရဂေါယာနကျွန်း၌ ညနေသုံးနာရီတိုင်မှ ဤကျွန်း၌ နေလုံး ပျောက်သည်ဖြစ်၍ နေ့ ၃၆ နာရီ နေဝင်မှသည် နေထွက်သို့ကျအောင် ၂၄ နာရီ ရှိသည်။ (စွယ်စုံ-၁၇၅)

နေသည် ‘အန္တောဝီထိ’ အတွင်းလမ်းကြောင်းအတိုင်း သွားသောကြောင့် ကမ္ဘာနှင့် ပိုနီးသည်။ နေ၌ရှိသော အပူဓာတ်ကြောင့် ကမ္ဘာကြီးသည် ချစ်ချစ်တောက်ပူလာရခြင်း ဖြစ်သည်။

အပူပြင်းသောကြောင့် အင်းအိုင်၊ ကန်ချောင်းတို့သည် ခြောက်သယောင်းကာ ရေပြတ်ခြင်း၊ ရေငတ်ခြင်းတို့ ဖြစ်ကြရတော့သည်။ အပူကြောင့်ပင် အအေးကို တောင့်တကြသည်။ အအေးကလည်း အပူကို အန်တုကာ ဂျိုးဂျိမ့်သံ ပြန်ပေးသည်သာဖြစ်သည်။ အပူနှင့် အအေး လွန်ဆွဲမှုကြားဝယ် မုန်တိုင်းဆိုသည်ကလည်း ပေါက်ဖွားလာတတ်သေးသည်။ ထို့ကြောင့် အသျှင်အဂ္ဂသမာဓိသည် အပူနှင့် အအေးတို့၏ ဖြစ်ပျက်နေပုံကို နေမိဘုံခန်းပျို့၌ ထည့်၍ ပြောပြခဲ့သည်-

“        ရွက်ရင့်လျှော၍၊ ရွက်ကျောနုသန်၊ ရွက်သစ် ပြန်တည့်၊

          ပန်းမန်ငုံကင်း၊ သုတ်လေညင်းနှင့်၊ မြေသင်း နှံ့နှံ့၊

          တပြန့်ပြူးပြူး၊ မင်းလွင်မြူးလျက်၊ တန်ခူး လည်းကုန်၊

          လကဆုန်သည်၊ ပဇ္ဇုန်ရိုက်မည် ချုန်းချုန်းတည်း။”

အသျှင်အဂ္ဂသမာဓိ၏ ပြောပြချက်အရ အပူဓာတ်ကို အန်တုရန် မိုးပဇ္ဇုန်သည် ထစ်ချုန်းဟစ်ကြွေး၊ မိုးသံပေးလာကြောင်း သိရသည်။ မိုး၊ လေ နံ့ရ၍ မြေသင်းရနံ့သည် သင်းပျံ့လာတော့သည်။ နေနှင့် မိုးတို့၏ အားပြိုင်ကြသည့် ကဆုန်လအတွင်းဝယ် မြေသင်းရနံ့ကြောင့် အပူဒဏ်မှသက်သာရာ ရတော့မည်ဟု နှလုံးသွင်းဖြစ်ကြတော့သည်။ မိုးလာပြီဖြစ်ကြောင်း-

“တောင်တောငယ်ပတ်ခြုံ၊ မြေသင်းပျံ့လည်း၊

ရနံ့ကြူးကြူး၊ မိုးသားမြူးနှင့်၊

ထွေထူးမျိုးခေါ်၊ စည်ကြီးကျော်တို့၊ တီးဆော်

ညံညံ” ဟု ဝန်ကြီး ဦးဖြေသည် ဆယ့်နှစ်လရာသီ လေးချိုးဘွဲ့များအနက် ကဆုန်လကို ဖွဲ့ပြရင်း ပြောပြခဲ့သည်။ ဦးဖြေ၏ပြောပြချက်အရ မြေသင်းရနံ့ပျံ့ပျံ့ကို ရလာကြသည်။ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ရိုက်ဆော်ရင့်ကျူးနေသည့် မိုးလေသံများကိုလည်း ကြားလာရမည်ဖြစ်သည်။

မည်မျှပူသည်ဆိုငြား ကဆုန်လသည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သည့်လဖြစ်သည်။ ကဆုန်လပြည့်နေ့သည်-

(၁) ခပ်သိမ်းသောဘုရားရှင်တို့ သစ္စာလေးပါး ကို သိကြသောနေ့ဖြစ်ခြင်း။

(၂) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ‘ဂေါတမ’အမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတ ဗျာဒိတ် ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။

(၃) မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်နေ့ တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။

(၄) မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူခြင်း။

(၅) မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ဖြင့် ထူးမြတ်လျက်ရှိသည်။

ဗုဒ္ဓဘာသာဝင်တို့ ဗောဓိပင်ကို ကဆုန်ညောင်ရေသွန်းကြသောဓလေ့သည် ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် သာဝတ္ထိပြည် ပဿေနဒီမင်းကြီးက အစပြုခဲ့ပြီးနောက် သီရိဓမ္မာသောကမင်းကြီးလက်ထက်တိုင် ကဆုန်ညောင်ရေ သွန်းပွဲတော်ကြီးကို ကျင်းပခဲ့ကြသည်။ မြတ်စွာ ဘုရား သက်တော်ထင်ရှားရှိစဉ်က သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ကြီးတွင် စံနေတော်မူစဉ် အနာထပိဏ်သူဌေးကြီးသည် အရှင်အာနန္ဒာမထေရ်အား “အရှင်ဘုရား၊ သဗ္ဗညုဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ မရှိသည့်အခါ ပူဇော်အံ့ငှာ ရောက်လာကြကုန်သော လူအပေါင်းတို့သည် ဘုရားရှင်ကို မမြင်ရ၊ မဖူးရဘဲ ပြန်ကြရသဖြင့် ညှိုးနွမ်းကြကုန်သည်။ ထို့ကြောင့် ကိုယ်စားတော်ပြု၍ ဖူးမြော်နိုင်ရန် မြတ်စွာဘုရားကို လျှောက်ထားပေးတော်မူပါဘုရား”ဟု လျှောက်ထားလေ သည်။

ထိုအကြောင်းကို အရှင်အာနန္ဒာက ဘုရားရှင်ထံသို့ လျှောက်ထားပန်ကြားရာ၊ ဘုရားရှင်က “ချစ်သားအာနန္ဒာ၊ ငါဘုရားကို မတွေ့ရ၍ ငါဘုရား မရှိသောအခါ ဘုရားကဲ့သို့ ကိုးကွယ်ထိုက်သော စေတီများရှိ၏။ ထိုစေတီများကား (၁) ငါဘုရား၏ အစိတ်အပိုင်းဖြစ်သော ဆံ-မွေးညင်း၊ သွား၊ ညှပ်ရိုး အစရှိသော သာရီရိကစေတီ။ (၂) အသုံးအဆောင်များဖြစ်သော သပိတ်၊ သင်္ကန်း၊ ကျောင်း၊ အစရှိသော ပရိဘောဂစေတီ။ (၃) ငါဘုရားကို ရည်မှတ်ထုလုပ်ကိုးကွယ်အပ်သော ဥဒ္ဒိဿစေတီဟူ၍ စေတီ အပြားသုံးပါးရှိ၏။ ထို့ပြင် ဘုရားရှင်တို့၏ သစ္စာလေးပါးကိုသိရာ မဟာဗောဓိပင်များသည် ဘုရားရှင် တို့ သက်တော်ထင်ရှားရှိစဉ်တွင် စေတီမည်တော့သည်”ဟု မိန့်တော်မူလေသည်။

ထို့နောက် အရှင်အာနန္ဒာသည် မဟာဗောဓိပင်မှ ဗောဓိစေ့ကို ယူဆောင်၍ ဇေတဝန်ကျောင်း မုခ်တံခါးဝ၌ စိုက်ပျိုးခဲ့သဖြင့် ရှင်လူအများ ဘုရားမရှိခိုက် ကိုးကွယ်ဆည်းကပ်ကြကုန်သည်။ ထိုဗောဓိပင်ကို အာနန္ဒာဗောဓိဟု ယခုတိုင် သိရှိခဲ့ ကြသည်။

မြန်မာပြည်၌ ကဆုန်ညောင်ရေသွန်းအစ

မြန်မာသက္ကရာဇ် ၅၃၆ ခုနှစ်၌ ပုဂံပြည် အလောင်းစည်သူ၏ မြေးတော် “နရပတိစည်သူမင်း” လက်ထက်တွင် ပေါင်းလောင်းရှင်ဟု ခေါ်ကြသော အရှင်ကဿပမည်သော မထေရ်သည် သီဟိုဠ်ကျွန်းသို့ ကြွသွားပြီးလျှင် မဟာဗောဓိညောင်ပင်စေ့များကို ယူဆောင်လျက် နရပတိစည်သူမင်းအား ဆက်သသည်။ ဗောဓိစေ့နှင့်အတူ “မဟာစေတီပုံတော်” လောဟပါသာဒပြာသာဒ်ပုံတော်၊ ဓာတ်တော်၊ မွေတော်များကိုပါ ဆက်သတော်မူသည်။ ထိုမှစ၍ ဗောဓိပင်စိုက်ပျိုးကိုးကွယ်မှုစခဲ့သည်။

မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ်၌ ပင်းယတွင် မင်းပြုသော ဥဇနာမင်းသည် အနုရုဒ္ဓါဓိပတိဘွဲ့ကို ခံယူလျက် သာသနာတော်ကို လွန်စွာကြည်ညိုမြတ်နိုးတော်မူသဖြင့် မင်းအဖြစ်သို့ရောက်သောအချိန်မှာပင် “ပင်ကြားအရပ်”၌ ဇမ္ဗူကမည်သော ကျောင်းတော်ကြီးနှင့်တကွ အရန်ကျောင်း ခြောက် ကျောင်း တည်ဆောက်သည်။ ထိုကျောင်းများကို စံကားသားဖြင့် ဆောက်လုပ်ခြင်းကြောင့် စံကား ခုနစ်ကျောင်းဟု အမည်တွင်သည်။ ထိုကျောင်းတိုက်တွင် ပုဂံပြည်အလောင်းစည်သူ၏ မြေးတော် နရပတိစည်သူမင်းကြီး ကိုးကွယ်တော်မူသောအခါ ဥဇနာမင်းသည် မဟာဗောဓိမျိုးစေ့များကို ယူဆောင် လျက် ကိုယ်တော်တိုင်စိုက်ပျိုးပြီးလျှင် ထိုဗောဓိပင်ကိုလည်း ဝတ္တကံမိုးမြေနှင့်တကွ အလုပ်အကျွေးများကိုပါ လှူဒါန်းတော်မူသည်။

ကဆုန်လရောက်လျှင် နှစ်စဉ်နှစ်တိုင်း ကဆုန်ညောင်ရေသွန်းပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။ ဥဇနာမင်းကစ၍ ညောင်ရေသွန်းပွဲတော်များကို သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော် အညွန့် အဓွန့်ရှည်စွာ ကျင်းပခဲ့ကြရာ ယခုတိုင်အထိပင် ဖြစ်တော့သည်။ ရိုးရာဓလေ့ထုံးစံနှယ် တည်တံ့ခဲ့သည်။

မော်ကွန်းဝင်ရတုဖြစ်သည့် မဲဇာတောင်ခြေအစချီရတုတွင် “ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်” ဟု ပါရှိခြင်းကြောင့် ခိုင်မြဲတည်တံ့သည့် ရာသီပွဲတော်အဖြစ် ရပ်တည် နေပါသည်။

အနောက်ဘက်လွန်မင်းလက်ထက် “မင်း ဇေယရန္တမိတ်” ဖွဲ့ဆိုပုံကား-

“ကဆုန်တွင်လည်း

ပြာစင်ညက်ဖြူ၊ ရွှေပြည်သူတို့

သင်းမြူကြိုင်စွာ၊ ရေနံ့သာဝယ်

ရင်းမာကွမ်းဘူး၊ စံကားဦးနှင့်

ကွန့်မြူးလျှံမောင်း၊ မွေတော်ပေါင်းကို

ပျံ့လှောင်းကြိုင်ရွှန်း၊ အဲ သီချင်းနှင့်

ပြန်တင်းရည်စောင်၊ အဆောင်ဆောင်သည်

ခါညောင်မသွန်း လှည့်လေလော့” ဟူ၍ ဖြစ်သည်။

ကဆုန်လ၏အမည်ကို ပုဂံခေတ်ထိုး ကျောက်စာများတွင် ‘ကုဆုန်’ဟု အရေးအသုံးများခဲ့သည်။ ကုဆုန်၊ ကဆုန် ဟူသော အရေးနှစ်မျိုးတွင် ကုဆုန်သည် မူလဖြစ်၍ ယင်းမှ ကဆုန်သို့ ရွေ့လျော လာသည်ဟု ယူဆသည်။ ‘ကု’ ၏အနက်သည် ‘ရေ’ ဖြစ်၍ ‘ဆုန်’၏အနက်မှာ ‘သွန်းလောင်းသည်’ဟု ဆိုသောကြောင့် ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟု ကောက်ယူကြသည်။ ကုဆုန်၊ ကဆုန်ဟူသော လ၏အခေါ်မှာ အလွန်ရှေးကျသည်ကိုထောက်သော် မြန်မာနိုင်ငံသို့ သာသနာ ရောက်သည့်အခါမှစ၍ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းအလေ့သည်လည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာနိုင်သည်။

တစ်ဆယ့်နှစ်လရာသီတို့တွင် ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်ဟူ၍ လခြောက်လတို့သည် သာသနာရေး၊ ကိုးကွယ်ယုံကြည်မှုစသည်တို့နှင့် သက်ဆိုင်နေသည်ကို တွေ့ရသည်။ ကဆုန်လရာသီတွင် နေရှိန်ပြင်း၍ ရေများခန်းခြောက်လေ့ရှိသောကြောင့် သစ်ပင်များ ညှိုးနွမ်းခြောက်သွေ့ကုန်သည်။ မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှတ်၍ ညောင်ပင်များ ညှိုးနွမ်းခြောက်သွေ့ခြင်းမရှိဘဲ၊ ရှင်သန်သကဲ့သို့ ဘုရားရှင်၏ သာသနာတော်သည်လည်း ရှင်သန်စေရန်ရည်စူးပြီး ဗောဓိပင်အပွားတော်များကို ရေစင်သွန်းလောင်းခြင်းပြုခဲ့ကြသဖြင့် လပြည့် နေ့၌ကျင်းပသော ပွဲတော်အခါကြီးကို ‘ကဆုန် ညောင်ရေသွန်းပွဲတော်’ ဟု ခေါ်ကြသည်။ ထိုမျှမက ခန်းခြောက်သော အင်း၊ အိုင်၊ ရေကန်တို့မှ ငါးများကို ရေများရာဒေသသို့ ရွှေ့ပြောင်းပေးခြင်းအားဖြင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယခုထက်တိုင် ပြုလုပ်လျက်ရှိကြသည်။

ကဆုန်လသည် နွေရာသီ၏အလယ်၌ ကျရောက်သည့်နည်းတူ ခရစ်ပြက္ခဒိန်၏ ငါးလပိုင်း မေလအတွင်း ကျရောက်နေတတ်သည်။ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး ဟူသည့် ဂဏန်းသင်္ချာ ကိုးလုံးဝယ် ငါးဂဏန်းသည် အလယ်၌တည်ရှိနေပေသည်။ အလယ်၌တည်ရှိနေသောကြောင့် မျှတခြင်း၊ ဟန်ချက်ညီခြင်း၊ သမာသမတ်ကြခြင်း၊ ဘက်မလိုက်ခြင်းသဘော တို့သည် မေလတွင် ရောယှက်နေတော့သည်။

ထူးမြတ်သည့်လ၏ သာယာချက်ကို ဖိုးသူတော် ဦးမင်းက စုတ်ချက်ခြယ်ပြခဲ့သည်-

“စံကားဝါငုံသင်းလို့၊ ကြယ်မင်းတဲ့ ဝိသာခါ။

တိမ်ဗွေမှာ ရောင်ခြည်ရွှန်း၊ ထွန်းတဲ့ ချိန်ခါ။

စုံကန္တာ၊ ဟေမာမြိုင်ထဲ။

ရွှေကျေးပျံသင်လို့၊ စံပျော်ရွှင် ဟိုသည်ကူးတယ်။

မြူးကြအမြဲ။”

ဟူ၍ စံကားဝါပန်းများဝေနေသည့် စုံကန္တာသို့ လည်း ခေါ်ဆောင်ပြခဲ့သည်။ စုံကန္တာထဲ၌ ရွှေကျေးတို့ အပျံသင်နေကြသည့်နည်းတူ အပျံသင်နေကြသူတိုင်း လိုရာသို့ ပျံသန်းနိုင်ကြပါစေဟု မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့ကြားမှ ဆုတောင်းစကားဆိုလိုက်မိပါသည်။ ။

မှီငြမ်း

၁။      မြန်မာ့စွယ်စုံကျမ်းအတွဲ(၁)(၅)

          (စာပေဗိမာန်)

၂။       တစ်ဆယ့်နှစ်လမိုး(ဒဂုန် ဦးစန်းငွေ)

၃။      စာပေဝတ်ဆံ(ဒဂုန်နတ်ရှင်)