မောင်လူမွှေး (မြန်မာမှု)
မြန်မာ့ ၁၂ လရာသီဘွဲ့ စာအလင်္ကာများကို ရေးစပ်ကြသည့် စာဆိုတော်များ ခေတ်အဆက်ဆက်တွင် ပေါ်ပေါက်ခဲ့ကြပါသည်။ အထူးသဖြင့် ကုန်းဘောင်ခေတ်တစ်လျှောက် ရေးစပ်ခဲ့ကြသည်ကိုတွေ့ရပါသည်။ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း၊ မဟာအတုလမင်းကြီး၊ ဆီသည်ရွာစား ဦးအောင်ကြီး၊ မယ်ခွေ၊ ဦးကြင်ဥ၊ ဦးကြော့၊ ဦးယာ၊ ဦးပုည၊ ကင်းဝန်မင်းကြီး စသည်ဖြင့် စာဆိုအသီးသီးတို့သည် သူ့နည်းသူ့ဟန်နှင့် ဥတုသုံးလီ လရာသီ ၁၂ ခုကို ရှုထောင့်တွေးထောင့်များနှင့် အသီးသီးရှုမြင်ခဲ့ကြသည်မျိုးရှိပါသည်။
တချို့ရာသီဖွဲ့စာပေများသည် ပြောင်မြောက်ကောင်းမွန်သော်လည်း စာဆိုသူမထင်ရှားဘဲ ခေတ်အဆက်ဆက် တည်တံ့လာသည်ကိုလည်း တွေ့ရပါသည်။ ဤ၌ ပထမဆုံးတင်ပြမည့် ပေါ့ပေါ့ ပါးပါး ကဆုန်လစာအလင်္ကာကို ဦးစွာတင်ပြပါမည်။
“ခွန်းထောက်သဖြန်” -
ကဆုန်လ ကြုံရပါတဲ့မြတ်ပွဲတော်၊
သွန်းညောင်ရေ စုကာပေါင်းတယ် လောင်းကြပျော်ပျော်။
မြတ်ဗုဒ္ဓေါ် ရည်မြော်လို့ အေးစေကြောင်း၊
ဗောဓိပင် ပလ္လင်နန်းကို ဖျန်းလို့ ဆုတောင်း…..။
အပူဝေးလို့ အေးကြပါစေကြောင်း ….. ။
ဖော်ပြပါ ခွန်းထောက်မှာ ဇာတ်ပွဲတွင် မင်းသား မင်းသမီးမထွက်မီ လူရွှင်တော်များက ဤနေ့ည ကပြအသုံးတော်ခံကြမည့် မင်းသမီး၊ မင်းသား၊ ဇာတ်စီး၊ ဇာတ်နင်း၊ ရှေ့ပိုင်း၊ နောက်ပိုင်းများကို နိဒါန်းအနေဖြင့် ပြည်ဖုံးကတ္တီပါကားကြီးရှေ့သို့ ပြောရန်ထွက်လာကြသောအခါ လူရွှင်တော်တစ်ဦးစီက တစ်ပိုဒ်စီဆိုကြရသော ခွန်းထောက် လေးဆက်သဖြန် အမျိုးအစားဖြစ်ပေသည်။
ခွန်းထောက်သဖြန် ဆိုသောအခါ အသံကိုဖြန့်၍ ဆိုရလေသည်။ ဒွေးချိုးလေးဆက် ကဗျာအမျိုးအစား ဖြစ်သည်။ သီချင်းကြီးကဏ္ဍနှင့် ဆက်စပ်ပါက ပတ်ပျိုးဆုံးသည့်အခါတွင် ဆက်ဆိုရသော စာကဗျာ များဖြစ်သည်။ ဇာတ်ထွက်ရာတွင်မူ ပဏာမဆိုရသော အကြောင်းအရာဖြစ်သည်။ အချို့ကလည်း တောခရီးလမ်းတွင် စခန်းခွန်းထောက်ရပ်နားရာ တွင် ဆိုရန်ဖွဲ့ဆိုထားသောကြောင့် ခွန်းထောက် ကဗျာဟုလည်း မှတ်ယူကြပေသည်။
ဤခွန်းထောက်မှာ အလွန်အသိခက်သော ဝေါဟာရအသုံးအနှုန်းမပါဘဲ အများသူငှာသိနိုင်သော အကြောင်းခြင်းရာဖြစ်သည်။ ပေါ့ပေါ့ပါးပါးဆိုနိုင်သည့် ကဆုန်လဘွဲ့ စာအလင်္ကာဖြစ်ပေသည်။
အပိုင်းလေးပိုင်း လေးချိုးရှိသဖြင့် လေးဆပ်သဖြန်၊ လေးဆပ်ခွန်းထောက်သဖြန်ဟု ခေါ်ရပေမည်။ လေးချိုးကြီး မဟာလေးချိုးကြီး စသည်ကဲ့သို့ အတွန့်အတက်မရှိ သာမန်ရေးစပ်သုံးထားသည့် ကဆုန်လဘွဲ့ ဖြစ်သည်။ စာဆိုအမည်မှာ မထင်ရှားပေ။ ကဗျာရေးချင် စာစပ်သင်ဆိုသောသူများ ရေးဖွဲ့နိုင်သော စာပေဖြစ်ပေသည်။ အောက်ပါ လေးချိုးသဖြန်မှာ စာဆိုတော် ဖိုးသူတော်ဦးမင်း၏ လေးချိုးသဖြန်ဖြစ်ပါသည်။
စံကားဝါ ငုံသင်းလို့ ကြယ်မင်းတည့်(တဲ့) ဝိသာခါ၊ တိမ်ဗွေမှာ ရောင်ခြည်ရွှန်း ထွန်းတဲ့ချိန်ခါ၊ စုံကန္တာ ဟေမာမြိုင်ထဲ၊
ရွှေကျေးပျံသင်လို့ စံပျော်ရွှင် သည်ဟိုကူးလို့ငယ်… မြူးကြစမြဲ….။
ဤစာအလင်္ကာမှာ ဖိုးသူတော်ဦးမင်း၏ စာကဗျာ ဖြစ်သည်။ ဖိုးသူတော်ဦးမင်း (၁၁၆၀ခန့်-၁၂၁၀ခန့်) မှာ ကုန်းဘောင်ခေတ် ဘကြီးတော်ဘုရားလက်ထက် ဦးလမ်း၊ ဦးဧ၊ ဦးနု၊ ဦးမင်း စသည့် စာဆိုများကဲ့သို့ ထင်ရှားခဲ့သော စာဆိုဖြစ်သည်။ ဦးမင်းစာဆို နှစ်ဦး ရှိခဲ့သည်။ ကွဲပြားရန် ဖိုးသူတော်ဦးမင်း၊ လူဦးမင်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဖိုးသူတော်ဦးမင်းဟု ခေါ်ခြင်းမှာ လည်း ငယ်စဉ်က အိန္ဒေါဘာသဒဓဇဘွဲ့နှင့် ကိုရင်ကြီး အနေနဲ့ နေခဲ့ဖူးသည်။ နောင်လူထွက်၍ နန်းမတော် မိဖုရားကြီးဖြစ်သူ မယ်နုထံတွင် ခစားစာဆိုရကြောင်း သိရပေသည်။ သဖြန်လေးဆပ် ၁၂ ပုဒ်၊ ၁၂ ရာသီ လွမ်းချင်း၊ နွေဘွဲ့၊ မိုးဘွဲ့၊ ဆောင်းနွေမိုး လေးချိုးကြီး များကိုစပ်၍ ရတု ဒုံးချင်းများလည်း ရေးသားခဲ့သည်။ ဤလေးဆပ်သဖြန်သည်လည်းပဲ အထက်ဖော်ပြပါ စာအလင်္ကာကဲ့သို့ လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ပင်အရွတ်ဆိုအသိလွယ်ပေသည့် စာဖြစ်ပါသည်။
“တေးထပ်” -
ပရမေ ဘဂဝါအမြတ် ဇလာကပ်သွန်းလှူ နံ့သာ ဓာတ်မွှန်ကြူ ကျွန်းဇမ္ဗူခြိမ့်သဲ…
ပုညာဘိညွှန်းပြောင်ဝေသည် သွန်းညောင်ရေ ပြုသည့်ခါပွဲ…
မြန်မာတို့စဉ်အလာနွယ် မင်္ဂလာခြယ်တင့်ဆဲ သဘင်မဟာ အယဉ်နွှဲပါလို့ ရွှင်စမြဲကြည်ပေရာ…
ရပ်ပေါင်းစုံ တစ်အိမ်မလပ် အချိန်မြတ်ကောင်းမှု ပူဇော် ဝတိံနတ် အဇတာကျော်အောင်..
ဇလာအဖျော်အမွှေးရေ ကရမက်ကယ်နှင့် ပရမေ ဓမ္မစက် စေတီယင် သွန်းပြုရေစင်…
ဥဒ္ဓိဿနှင့် မာတုဓမ္မအရှင်ကို သာဓုနရသဘင် အောင်ပွဲတော်မို့လေး…..။ ။
ဤကဗျာမှာ တေးထပ်အမျိုးအစားဖြစ်သည်။ ထပ်တွန့်တေးထပ်ဖြစ်သည်။ တေးထပ်များမှာ သာမညတေးထပ်၊ တေးထပ်ဆန်း၊ တေးထပ် ပိုဒ်စုံ၊ ၈၀-ပေါ်တေးထပ် စသည်ဖြင့် ကွဲပြားမှုအမျိုးမျိုး ရှိပေသည်။
တကယ့်ပွဲကြီးလမ်းကြီးများဖြင့် သဘင်ခံရ သောအခါ ၈၀-ပေါ်တေးထပ် ထပ်တွန့်ကြီးတေးထပ် များဖြင့် သီဆိုတီးမှုတ်ကြသည်က များပါသည်။ ၈၀-ပေါ်တေးထပ်ဆိုသည်မှာ ဘိုးတော်ဘုရား လက်ထက် သက္ကရာဇ် ၁၁၈၀ ပြည့်နှစ်ကစ၍ ပေါ်ပေါက်လာသောကြောင့် ၈၀-ပေါ်တေးထပ်ဟု ခေါ်ကြောင်း ရှေးကဗျာဆရာများက ဆိုမိန့်ကြလေသည်။ ၈၀ပေါ် အရေးကောင်းသူများ၏ စာအလင်္ကာများကို ဂီတနှင့်တွဲဖက်၍ သီဆိုပါက အလွန်သာယာနာပျော်ဖွယ် ရသပေါ်လွင် ခံစားရပေသည်။
“၈လုံးဘွဲ့ကဗျာ” -
အလောင်းတော်ကြီး ပျော်မှီနတ်ပြေ၊ ဗြဟ္မနတ်ပေါင်း ပန်တောင်ထွေထွေ၊ သန္ဓေမှီးလို့ ရိပ်ထီး လူ့ပြေ၊ ဖွားမြင်မှု ရတုကဆုန်နွေ။
ဖွားတော်မူက လူမျာ့ညွတ်ရုံ၊ ကပ္ပီလနန်း စံမြန်း သုံးဘုံ၊ တောထွက်စခန်း မြိုင်နန်းရဂုံ၊ ဘုရားဖြစ် အားသစ် လ, ကဆုန်။
၄၅-မြောက် သက်ရောက်ရှစ်ဆယ်၊ မလ္လာ အင်ကြင်း ပင်မင်းအလယ်၊ ဝမ်းတော်လားလို့ ရွှေအားတော်ငယ်၊ နိဗ္ဗာန်နန်း စံမြန်းကဆုန်ဝယ်။
ရှင်တော်ရုပ်ကလာပ် တုပ်ဝပ်လုံးစုံ၊ နံ့သာရှိန်မီး ထိန်ညီးဖုံဖုံ၊ ဓာတ်တော်ကြွင်းကြ မင်းမျာ့ဝေပုံ၊ စေတီများတည်ထား လ, ကဆုန်။
ဖွားမြင်မြောက်တော့ နွေပေါက်ကဆုန်၊ ဗောဓိပလ္လင်နန်း စံမြန်းကဆုန်၊ နိဗ္ဗူခြွေကြ နွေလကဆုန်၊ ကိလန ညီမျှ လ, ကဆုန်။
ကဆုန်မာသ ကာလကိုမျှော်၊ ထိပ်တင်ဥက္ကဋ္ဌ တုပ်ဝပ်ကော်ရော်၊ ရှင်တော်ငြိမ်းဇာတ် ထိမ်းမှတ်အလျော်၊ ညီအမျှ ဤလ ရေပူဇော်။
ဤကဗျာမှာ ၈လုံးဘွဲ့ကဗျာဖြစ်သည်။ ၈ လုံးဘွဲ့ ကဗျာများကို ဘာသာရေးဆိုင်ရာ ပူဇော်ပွဲများတွင် အသုံးပြုကြပါသည်။ ပူဇော်မည့် အကြောင်းအရာကို လိုက်၍ (ဝါ) ဒုရေး၊ သုရေး (သုမင်္ဂလ)တွင် သုံးကြပေသည်၊၊ ဒုရေးတွင် သံဝေဂသဘောပါသော အဓိပ္ပာယ် များကို ရေးစပ်ကြသည်။ သုရေးတွင်မူ ဘွဲ့တံဆိပ်တော် ဂုဏ်ပြုကြည်ညိုဖွယ် သဒ္ဓါစိတ်ဖြစ်စေမည့် အကြောင်းခြင်းရာများကို ရေးစပ်ကြရသည်။ အများနားလည်နိုင်သော ဝေါဟာရအသုံးအနှုန်း များကို သုံးတတ်ကြပါသည်။ ကာရန်အနေနှင့် ၂ မတြာ ဒီဃ၊ ၃မတြာ၊ ၃-မတြာ အထက် ပလုတအသုံးများကို များသောအားဖြင့်သုံးရပေသည်။
ကိုလိုနီခေတ်နှောင်းနှင့် လွတ်လပ်ရေးရပြီးခါစ ဝန်းကျင်တွင် ယပ်လှဲတရားဟောပုဂ္ဂိုလ်များ ဟောစာများ အလွန်ပေါ်ပေါက်လာသည်။ ထိုတရား ပွဲကြီးများ မဟောကြားမီ ရွတ်ဆိုကြသည့် ဒုရေး၊ သုရေး နှစ်ခုလုံးပင် ၈ လုံးဘွဲ့ကဗျာကို သုံးကြသည်။ အကြောင်းအရာကိုလိုက်၍ တိုတိုလည်းရသလို ရှည်၍လည်း ရနိုင်ပါသည်။
“လူးတား” -
သာစွလေ-ခါနွေသဘင်၊ နှစ်သစ်ဝင်၍၊ ကောင်းကင်သော်တာ၊ ဝိသာခါနှင့်၊ ပြည့်လာအညီ၊ ရာသီပြိဿ၊ အလှကြိုင်မြူး၊ ကွန့်ဖူးစံကား၊ လှိုင်ပျံ့ ရှားသည်၊ မိုးသားကျူးစ၊ ကဆုန်လဝယ်၊ လောက ထွတ်ထား၊ ဘုရားသခင်၊ ရွှေပလ္လင်ထက်၊ ရွှေပင် ရောင်တောက်၊ ညောင်တော်အောက်၌၊ ပေါက်သည်ကိုမူ၊ အကြောင်းယူ၍၊ မဉ္ဇူလှရာ၊ ပန်းတကာကို၊ မြူ,တာ,တကောင်း၊ မတင့်တောင်းဝယ်၊ သွန်းလောင်း ရေပြည့်၊ ဖြိုးမျှထည့်လျက်၊ ပတ်လှည့်ညာကြေ၊ ရှင်တော်မွေကို၊ ရိုသေသဘင်၊ ပွဲကြီးရင်၍၊ ကြည်လင်သဒ္ဓါ၊ ငြိမ်းကြောင်းရှာသည်.. အခါညောင်ရေ သွန်းတည့်လေ….. ပွင့်လင်း စည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေး……။ ။
ဖော်ပြပါစာအလင်္ကာမှာ ကဆုန်လဘွဲ့ လူးတား ဖြစ်သည်။ ကဗျာသဘောတရား၌ ၃ မတြာ ၃ မတြာထက် အထက်အသံကို ရှည်ရှည်ရွတ်ဖတ် ရလျှင် ပလုတဖြစ်ပေသည်။ ကဗျာသာရတ္ထ သင်္ဂြိုဟ် နှင့် ဆရာကြီး ဓမ္မာစရိယ ဦးထွန်းရွှေ၏ကဗျာ့စွယ်စုံ ကျမ်းကြီးတွင် ပလုတမှ ရွေ့လျားလာကာ လူးတား ဖြစ်သည်ဟု ဖွင့်ဆိုလေသည်။
အချို့ပညာရှင်များကလည်း ရေစီးသန်သော ချောင်းမြစ်ကြောင်းတို့တွင် လှေဆန်တက်သောအခါ ကြိုးဖြင့် ဟိုဘက်ဒီဘက်ဆိုင်း၍ ဆွဲ၍ လှော်တက် သွားသည်ကို “လူးတားပေါက်” သည်ဟုခေါ်သည်။ ထိုအခေါ်ကို အကြောင်းပြု၍ “လူးတား” ဟုခေါ်ဆို ခြင်းကိုလည်း ဖွင့်ဆိုပေသည်။
လေးလုံးစပ်လင်္ကာဖြင့် ၂ ပိုဒ်ဖြစ်စေ၊ ၃ ပိုဒ်ဖြစ်စေ၊ ၄ ပိုဒ်ဖြစ်စေခံပြီး ၃ လုံးတစ်ပိုဒ်ကို “လေ” ဟူသော အက္ခရာထား၏။ ရတုလင်္ကာများကဲ့သို့ပင် လေးလုံးစပ် အလင်္ကာပင်ဖြစ်သည်။ အချပိုဒ်နှင့် အက္ခရာ ၇ လုံး ဖြင့် ဆင့်၍ချရသည်။ ဤလူးတားမှာ အချသည် “အခါ ညောင်ရေ သွန်းတည့်လေး၊ ရွှေပြည်ရွှေဝ နန်းတည့်လေး” ဟု ချထား၍ လူးတားအနေနှင့် ရေးထားသော ကဆုန်လစာအလင်္ကာဖြစ်သည်။
“အဲချင်း”
ဖန်နန်းမှ မျက်အုံလေ… နေနှင့်ယှဉ်မှီ၊ ရောဟဏီလည်း၊ မှန်စီဆောင်က၊ ရွှေထီးရိပ်ပြပါလို့၊ လွမ်းစယှက်သွယ်၊ မင်းမူဟန်ကျယ်လှ၊ မိုးလယ်ဘုံ မှာတည့်လေး…
ကဆုန်ငယ်မှရတု၊ မြနီလာစစ်၊ အပြာရစ်သို့၊ ရှစ်မျက်နှာစို၊ တောတခိုမှာ၊ ပျိုနုနုနှင့်၊ ကျီးဥမှလဲ့ပြာ။ စံကားထုံသင်း၊ ဂေါစာချင်းတွင်၊ တုကင်းလွတ်ကွာ၊ ငှက်ပေါင်းသာလို့၊ ညှာခြွေငယ်စံသည် (ညာကြေ ငယ်ပျံသည်)၊ ယုဂန်မှာ တိမ်တစ်ပုံက၊ ဂဠုန်လိုဝဲ။ အသည်းမှာဆွတ်ကျင်၊ သောင်သင်ဖြူးခင်း၊ မြစ်ကြီး တွင်းမှာ၊ ငါးကြင်းဆန်ကူး၊ ငါးတန်မြူးသည်၊ ပိုက်ဦး ငင်လို့၊ သဘင်မှဖြိုးဝေ။ စင်ရော်,သောင်တင်း၊ ရွှေပိန်ညင်းတို့၊ ချစ်တင်းပိုင်ပိုင်၊ အာလုတ်ကယ်လှိုင် လို့၊ သံပြိုင်ငယ် ခြွေသည်။ ဂြိုဟ်စနေ ဖီလာပိုင်းဆီက၊ မုန်တိုင်းချီ ပြင်း။ ပြည်ကမ္ဗောဇ၊ တိုင်းညိုမြမှာ၊ တံငါ့တာရာ၊ ကြယ်ဥက္ကာနှင့်၊ အခါညောင်ရေ၊ ပွဲစုံငယ်ထွေလို့၊ လွမ်းပွေဆိုင်ညီ၊ သေမင်းပင် မှီရော့ထင့်။ စက်ရာသီ ပြိဿရေးတဲ့၊ ငိုကြွေးခင်း လေး.….။
စာဆိုမယ်ခွေ၏ ကဆုန်လဘွဲ့ အဲချင်းဖြစ်သည်။ စာဆိုတော်မယ်ခွေမှာ ကုန်းဘောင်ခေတ် ထင်ရှား ခဲ့သော စာဆိုတစ်ဦးဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက် နန်းတွင်း၌ခစားရသော စာဆိုအမျိုးသမီး တစ်ဦးဖြစ်သည်။
အဲချင်းအမျိုးအစားမှာ အစပိုဒ်၌ “နေနတ်ကယ်မှ ရာဇာလေ… ခမောက်ကယ်မှ စိန်တောင်လေ… မင်္ဂလာရယ်မှ မဏ္ဍိုင်လေး…” စသည်ဖြင့် ခြောက်လုံးဖြစ်စေ ခုနစ်လုံးဖြစ်စေ စ၍ သုံးချိုး လေးချိုးဖြင့် စပ်ဆိုရေးသားထားသော စာပေအမျိုးအစားဖြစ်သည်။ အဲချင်းမှာ အရှင်သခင်အကြီးအကဲကို ပသတမ်းတပြီးဆိုသော သဘောလည်းဖြစ်ပေသည်။ ထို့ကြောင့် နတ်ပွဲအစ အဲချင်းကဟု ဆိုရိုးရှိပေသည်။
စာဆိုမယ်ခွေ၏ အဲချင်းထူးခြားချက်မှာ ဝေဒပညာနှင့် ကြည့်ပါက ရာသီစက်၊ တိတ်စွဲဒေသ၊ ဂြိုဟ်နက္ခတ်တာရာ၊ ရာသီပန်း၊ ပတ်ဝန်းကျင် မြင်ကွင်း၊ ရာသီပွဲ စသည်တို့ကို ချိတ်ဆက်မှု ကောင်းကောင်းဖြင့် ပေါ်လွင်အောင်ရေးသားထား လေသည်။ နက္ခတ်ဗေဒင် ကျွမ်းကျင်သူများအနေ နှင့်ကြည့်ပါက အလွန်ပညာရပ်ဆန်သော ကောင်းမွန် တန်ဖိုးရှိသော စာပေအမျိုးအစားဖြစ်ပေသည်။ ဝေဒပညာရပ်နှင့် တိုင်းနိုင်ငံတိတ်စွဲများကို မူကွဲ တွေ့ပါက မယ်ခွေ၏ အဲချင်းပါ တိတ်စွဲနှင့် ညှိရပါသည်။ ထိုအနေအထားမျိုးကို ရေးသားထားသော အဆင့်မြင့်ရာသီဘွဲ့ အမျိုးအစားဖြစ်ပါသည်။
“ကြိုး သီချင်း”
အောက်တွင်ဖော်ပြမည့် “တေတလေ တေတေလေ ထံဒျန့်ဒျန့်တေ...” စသော တေးသွားမှာ ဗောဓိ ညောင်ရွတ်သံ ကြိုးသီချင်းဖြစ်သည်။ အလောင်းဘုရား လက်ထက် မြင်းရည်တပ် ၆ ကြိတ် ၈ ယောက် (၆၈) တွင်ပါဝင်သောလက်ဝဲနော်ရထာ ဦးနေဆိုသည့် ပုဂ္ဂိုလ်ဖွဲ့ခဲ့သော (သို့) ရှေးကရှိခဲ့ပြီးသော ဗောဓိညောင် စာအလင်္ကာ ကို ဂီတသင်္ကေတပြုခဲ့သော တေးသွားဖြစ်ပေသည်။
ထိုကဲ့သို့ ဂီတတေးသွားသင်္ကေတများကို ဒူပေါင်ထန်ပေါင်ဟုခေါ်သည်။ ဆရာပန်းမူ ဆရာရိပ်မူ မည်သည့် ဆရာမူ စသည်သဖြင့် ဂီတမျိုးဆက်တွင် ရှိပါ၏။ မြဝတီမင်းကြီးဦးစ၏ သီချင်းစာသားအချို့ တွင် ဖောင်လားကြိုး၊ ဖောင်ငင်ကြိုး၊ ဖောင်ဆိုက်ကြိုး စသည်ဖြင့် မည်သည့် စာသား ဝေါဟာရမျှမပါဘဲ တေတလေ၊ ဒူတေလေ၊ ဒျန့်ဒျန့်ဒူ စသည်ဖြင့် ရေးဖွဲ့ထားမှု အများပင်တွေ့ရပါသည်။
ဤသည်ကို တေးတွဲ့ဟုလည်းခေါ်ကြောင်း သိရပါသည်။ ဂီတပညာရှင်များဖြစ်ကြသည့် ပုသိမ် ဒေါ်တင်တင်၊ ဣန္ဒဝဇီရ(ခေါ် ) သခင်အောင်ရှိန် (ဘိသိက်မင်္ဂလာကျမ်းပြု) ဤကဲ့သို့ သဘော သက်ဝင်သော တံတျာတေရှင် ပုဇဉ်းတောင်သံကြိုး ကို ပဉ္စသင်္ခနတ်စောင်းသဘောဖြင့် အနက်အဓိပ္ပာယ် ကြံဆဖွင့်ဆိုခဲ့ဖူးသည်ကို အမျိုးသားစာပေဆုများရှင် (ဓာတ်ပြား) ဦးမောင်မောင် သူ၏မဟာဂီတပေါင်းချုပ်စွယ်စုံကျမ်း၌ ထိုခေတ်ပညာရှင်များ၏ သဘောမှတ်ချက်ကို လေ့လာဖော်ပြထားလေသည်။
ဥပမာအနေနှင့် ပြောရပါက မှုန်ရွှေရည် သီချင်း အလိုက်ကို စာသားမရ၍ဖြစ်စေ၊ ရ၍ဖြစ်စေ လေချွန်သောအခါ (သို့) ပါးစပ်က ညည်းသောအခါ.. ဒီဒီဒီ .... ဒီဒီဒီဒီဒီ.... စသဖြင့်ထွက်လာသည်။ နိဂ္ဂဟိတ် အသံကိုရေးထားသော စာသားမပါ (Word Lose) စာလုံးပျောက် သင်္ကေတဖြစ်သည်။ Melody သဘောဖြစ်ပေသည်။ စာရှုသူ ဒူပေါင် ထန်ပေါင်ကို စာလုံးသွင်း၍ ရှေးခေတ်ကရေးခဲ့သော ကဆုန် ဗောဓိညောင်ရေသွန်း .... စာကြောင်းစာသား အကြောင်းအရာကို ဖြည့်စွက်၍ စာအလင်္ကာ မြူးကြည့်ပါဘိ။
ကမ္ဘာကျော်စစ်တုရင် ကစားကွက်ဖြစ်သည့် ဗော်လကာတောင်တန်းကို ဖြတ်ကျော်ခြင်းဆိုသော စစ်တုရင်ကွက်ကို တစ်ကွက်ချန်၍ (ဝါ) မြှုပ်၍ ကစားကြရာ ယနေ့တိုင် ထို့အတိုင်း ကစားပွဲမသိမ်း နိုင်သေးဆိုသော အဆိုတစ်ခုရှိပေသည်။
ဤဗောဓိညောင်ရွက်သံကြိုး သီချင်းသည်လည်း ကဆုန်ညောင်ရေသွန်း အကြောင်းပင်လော၊ သို့မဟုတ် ဤနေမျိုးမဟာကျော်ထင်ပင် ရေးဖွဲ့သော (၁၁၃၂ တန်ဆောင်းမုန်းလ) ဗောဓိရွက်သံကြိုးကဲ့သို့ ဆောင်းဘွဲ့လော၊ (နိုင်ငံတော်မူ မဟာဂီတ) စာရှုသူ များ ဉာဏ်ကစားရမည့် ဗောဓိရုက္ခေ ကဆုန်လ ဗောဓိညောင်ကြိုး သီချင်းကြီးဖြစ်ပါတော့သည်။
(တေတလေ)J ထံတုံ့တုံ့ (တေ)J လေ (တေလေ) ထံတုံ့တုံ့တေ (တေလေ) တလေထူ (ထံ)/တျာ (တာလျာ) တို့တို့တေ တေတလေ တေတေ တျာထူတုံ့ တေ ထူတျော တေတျော (ထံ) တေတျော (ထူတျော)ပ ထူထပ်တာ တေထံတျာ ထပ်တျာ တေတျော (ထံတျာ)J တျော တေထူထံတ္တံ့ တျော ထပ်တျာ