မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဆင်မင်းနေ့၏ မိုးသောက်ယံ၌ သိဒ္ဓတ္ထဘုရားအလောင်းသည် သစ္စာလေးပါး မြတ် တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူကာ ဗုဒ္ဓဘုရားရှင်အဖြစ်သို့ ရောက်တော်မူသည်။ နေရာကား နေရဉ္စရာမြစ်ကမ်းပါး ဥရုဝေလ တောရှိ ဗောဓိပင်ရင်းတွင် ဖြစ်သည်။ ဒုက္ခကိုလည်းကောင်း၊ ဒုက္ခ ဖြစ်ခြင်းအကြောင်းကိုလည်းကောင်း၊ ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာကို လည်းကောင်း၊ ဒုက္ခခပ်သိမ်းကင်းငြိမ်းရာသို့ ရောက်ကြောင်း ကျင့်စဉ်ကိုလည်းကောင်း သိမြင်တော်မူခဲ့ပြီဖြစ်ရာ လွန်စွာအားရစွာဖြင့် မြတ်စွာဘုရား ဥဒါန်းကျူးရင့်ခဲ့သည့်နေရာလည်း ဖြစ်သည်။

ကဆုန်လပြည့်နေ့သည့် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ် နေ့ဖြစ်သည်။ မဟာသက္ကရာဇ် ၆၈-ခုနှစ် ကဆုန်လပြည့်နေ့တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူခဲ့သည်။ မဟာ သက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားသည် ဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့တွင်မူ မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်၌ ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။ ဗုဒ္ဓဘာသာသမိုင်းတွင် ဤသို့သော ထူးခြားချက်များကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟူ၍လည်း သတ်မှတ်ခဲ့ကြသည်။

ကဆုန်လသည် နွေလဖြစ်သည့်အလျောက် ဆည်မြောင်း၊ ကန်ချောင်း၊ ရေတွင်းရေအိုင်တို့ ရေခန်း၊ ရေပြတ်သည့်လဖြစ်သည်။ မြန်မာလများအနက် ဒုတိယမြောက်လ၊ ပြိဿရာသီ၊ ဝိသာခါ နက္ခတ်နှင့် စန်းယှဉ်သောလဖြစ်သည်။ ထို့ကြောင့် ပါဠိ၊ သက္ကတ၊ ဟိန္နီ၊ ဘင်္ဂါလီဘာသာတို့တွင် ကဆုန်လကို ‘ဝိသာခါ’(Vesaka) ဟုခေါ်ကြသည်။ ယင်းမှဆင်းသက်ကာ ကဆုန်လပြည့်နေ့ကို Vesak Day ဟု ခေါ်ဝေါ်ကြသည်။ ခရစ်နှစ် ၁၉၉၉ ခုနှစ်မှစ၍ ကဆုန်လပြည့် (Vesak Day)သည် အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် “Vesak Universal Holiday” ဖြစ်လာခဲ့သည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် “အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကွန်ဖရင့်”တွင် ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရေး ဆွေးနွေးဆုံးဖြတ်ခဲ့ပြီး ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ သို့ အဆိုတင်သွင်းခဲ့ရာ (၅၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာအပါအဝင် အာရှဗုဒ္ဓဘာသာနိုင်ငံများ၊ တောင် အာရှအဖွဲ့ဝင် နိုင်ငံများ၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့ အပါအဝင် နိုင်ငံ ၃၄ နိုင်ငံက ထောက်ခံခဲ့သည်။ သို့ဖြင့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် “Vesak Universal Holiday” အဖြစ် သတ်မှတ်ခဲ့သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်တွင် ဗုဒ္ဓဘုရားရှင်၏ သာသနာတော် သည် ကမ္ဘာပေါ်တွင် သက်တမ်းရှည်ကြာသည့် သာသနာဖြစ်ပြီး ဘုရားရှင်၏ အဆုံးအမတော်သည်လည်း နှစ်ပေါင်း ၂၅၀၀ ကျော် သည့်တိုင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနှင့် ငြိမ်းချမ်းရေးတို့ကို ပေးခဲ့ပြီး နောင်အနာဂတ်တွင်လည်း ကမ္ဘာ့လူသားတို့ အပေါ် ဆက်လက်သက်ရောက်နေမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အဖို့ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဘုရားရှင် သဗ္ဗညုတဉာဏ်တော်ရရှိခဲ့သည့်နေရာ မဟာဗောဓိ ညောင်ပင်တို့ကို ရေသွန်းလောင်းကာ ကုသိုလ်ယူရင်း ဤနေ့သည် ဘုရားလောင်းဖွားမြင်တော်မူသောနေ့၊ ဤနေ့သည် ဘုရားပွင့်တော် မူသောနေ့၊ ဤနေ့သည် ဘုရားပရိနိဗ္ဗာန်စံသောနေ့အဖြစ် အောက်မေ့သတိရကာ ဓမ္မသံဝေဂတို့ရယူကြသည်။ ဤနေ့မှာပင် ဗုဒ္ဓသည် သင်္ခါရတရားတို့၏ ပျက်စီးခြင်းသဘောကို မမေ့မလျော့ မပေါ့သောသတိဖြင့် ရှုမြင်ကြရန် မှာကြားကာ ပစ္ဆိမဗုဒ္ဓဝစနနောက်ဆုံး စကားကို မြွက်ကြားတော်မူခဲ့သည်ကို အမှတ်ရကာ မိမိတို့၏ ဘဝတစ်သက်တာကို မကောင်းမှုမှန်သမျှ ရှောင်ရှားခြင်း၊ ကောင်းမှု မှန်သမျှ ဆောင်ရွက်ခြင်း၊ စိတ်နှလုံးဖြူစင်အောင် ကျင့်ကြံခြင်းဖြင့် တန်ဖိုးမြှင့်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း