ရန်ကုန် ၂၄ မေ

ကဆုန်လပြည့် ဗုဒ္ဓနေ့၌ လမျက်နှာပြင် သာမန်အရွယ်အစားထက် ပိုမိုကြီးမားသော စူပါမွန်းဖြစ်စဉ်နှင့် လကြတ်မှုဖြစ်စဉ်တစ်ပြိုင်တည်းဖြစ်ပေါ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ မြင်တွေ့ရမည်ဖြစ်ကြောင်း မြန်မာ့နက္ခတ္တတွက်ရိုးပညာရှင် ဦးအောင်သန်းထံမှ သိရသည်။

တိုက်ဆိုင်နေ “မေ ၂၅ ရက်ဟာ ကဆုန်လပြည့်အချိန်အခါသမယဖြစ်သလို စူပါမွန်းဖြစ်မယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ စူပါမွန်းဆိုတာကတော့ လဟာ ကမ္ဘာနဲ့ နီးကပ်လာတာဖြစ်တဲ့အတွက် လရဲ့ အလုံး လုံးပတ်ကြီးလာတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီတော့ စူပါမွန်းဖြစ်စဉ်ကို မြန်မာနိုင်ငံကနေ မြင်တွေ့ကြရလိမ့်မယ်။ လအပြည့်ကြတ်တာကိုတော့ မမြင်တွေ့နိုင်ဘူး။ လကြတ်မှုဖြစ်ပေါ်တာလောက်ကိုပဲ မြင်တွေ့ကြရလိမ့်မယ်။ အားလုံးခြုံငုံပြီးပြောရရင် လကြတ်တယ်လို့တော့ ပြောလို့ရမယ်။ လအပြည့်ကြတ်တယ်လို့တော့ ပြောလို့မရဘူး”ဟု ဦးအောင်သန်းက ရှင်းပြ သည်။

လပြည့်နေ့တွင် လသည် ကမ္ဘာနှင့်ပတ်လမ်းနီးနေပါက လကို သာမန်အရွယ်အစားထက် အနည်းငယ်ပိုကြီး၍ မြင်ရတတ်ကြောင်းနှင့် ယင်းကို Supermoon (စူပါမွန်း) ဟုလည်း ခေါ်ဝေါ်ကြောင်း၊ ယခုနှစ်လပြည့်အချိန်တွင် လသည် ကမ္ဘာနှင့် အလွန်နီးကပ်လာခိုက် ရာသီဥတု(Perigee) နှင့်လည်း တိုက်ဆိုင်နေသောကြောင့် ပုံမှန်မြင်တွေ့နေကျ အရွယ်အစားထက် အနည်းငယ်ပိုကြီးသောလကို စူပါမွန်းလအဖြစ် မြင်တွေ့ကြရခြင်းဖြစ်ကြောင်း။

လပြည့်ညတွင် လနှင့်ကမ္ဘာ အကွာအဝေးသည် မိုင်ပေါင်း ၂၀၀၀ ခန့် ရှိနေ မည်ဖြစ်ရာ ညနေ ၅ နာရီ မိနစ် ၂၀ တွင် အရှေ့အရပ်မှ စတင်ပေါ်ထွက်လာမည်ဖြစ်ပြီး နောက်တစ်နေ့ နံနက် ၅ နာရီခွဲဝန်းကျင်တွင် အနောက်အရပ်သို့ ပြန်ဝင်လိမ့်မည်ဖြစ်ကြောင်း အာကာသနှင့်စကြာဝဠာပညာရှင်များက ဆိုထားသည်။

ကမ္ဘာနှင့် အနီးဆုံးအကွာအဝေးသို့ ရောက်ရှိနေသော စူပါမွန်းဖြစ်စဉ်အား လပြည့် (Full Moon) (သို့မဟုတ်) လဆန်း (New Moon) ဖြစ်စဉ်တိုင်းတွင်ကြုံတွေ့ရတတ်ပြီး ယခုဖြစ်ပေါ်မည့် ကဆုန်လပြည့် ဗုဒ္ဓနေ့၌ လကြတ်မှုဖြစ်ပေါ်ပြီးနောက် လာမည့် ကဆုန်လကွယ်နေ့တွင် ဖြစ်ပေါ်မည့် နေကြတ်ခြင်းကိုမူ မြန်မာနိုင်ငံမှ မြင်တွေ့ရမည် မဟုတ်ကြောင်း မြန်မာ့နက္ခတ္တတွက်ရိုးပညာရှင်များထံမှ သိရသည်။

သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-NASA