နေပြည်တော်၊ ဧပြီ ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားများ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဉီးကိုကိုသည် ယနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ အခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် သရုပ်ပြမော်တော်ယာဉ်များ ပြုလုပ်ရေးဆပ်ကော်မတီမှ စစ်ကြောင်းအလိုက် မော်တော်ယာဉ်များ တည်ဆောက်နေမှုနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဥပ္ပါတသန္တိ စေတီတော်၊ တပေါင်းကွင်းသို့ သွားရောက်၍ သာသနာ့အလံတိုင်များ စိုက်ထူထားရှိမှု၊ ရောင်စုံမီးများ သွယ်တန်းဆောင်ရွက်ထားရှိမှု ၊ နေ့ဆွမ်း ဆက်ကပ်ပွဲ အခမ်းအနားကျင်းပမည့်နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဓမ္မသဘင်အခမ်းအနား၊ စာတမ်းဖတ်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ အမှူးပြုသည့် ပင့်သံဃာတော်များ သီတင်းသုံးမည့်ကျောင်းဆောင်များအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဥပ္ပါတသန္တိစေတီတော်ရင်ပြင်တော်တွင် အလံတိုင်များ စိုက်ထူရန် ပြင်ဆင် ထားရှိမှုနှင့် ဆီမီးတိုင်များ စိုက်ထူရန် ပြင်ဆင်ထားရှိမှု၊ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ အတွက် မဏ္ဍပ်များဆောက်လုပ်ထားရှိမှု၊ ရေအလုံအလောက်ရရှိရေး ပြင်ဆင်ထားရှိမှုနှင့် ဖျော်ဖြေရေးမဏ္ဍပ် ဆောက်လုပ်ထားရှိမှုတိုကို ကြည့်ရှုစစ်ဆေးသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် ပညာရေး ဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အိပ်ဆောင်များ ပြင်ဆင် ထားရှိမှု၊ ထမင်းစားဆောင်နှင့် ဆေးခန်းနေရာ ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်စီစဉ်ဆောင်ရွက် ထားရှိနိုင်ရေးနှင့် ဆပ်ကော်မတီများ အချင်းချင်းညှိနှိုင်းဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။    

သတင်းစဉ်