နေပြည်တော် ဧပြီ ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနား ကို ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော် အတွင်း၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တို့က ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်ကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
အခမ်းအနားသို့ ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့် ဇနီး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ် ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်းအခမ်းအနားကို ကျင်းပရာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်းအနားမှူးက မဟာဗောဓိ ရုက္ခသိဉ္ဇနပူဇာဂါထာတော်ကို ရွတ်ဖတ်ပူဇော်သည်။
ယင်းနောက် ဒုတိယသမ္မတဦးညိုစောနှင့်ဇနီး၊ ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများနှင့် အခမ်းအနားတက်ရောက်လာကြသူ များသည် သတ်မှတ်ထားသည့်နေရာများအလိုက် နေရာယူကြပြီး မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်ကာ ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။ ဆက်လက်၍ မဟာ ဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များ အား ရေသပ္ပာယ်တော်မူကြပြီး မဟာဗောဓိ ညောင်ပင်တော်အား လက်ယာရစ်လှည့်လည် ပူဇော်ကြသည်။
ထို့နောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းအား ဖတ်ကြားပြီး ကုသိုလ်အမျှပေး ဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် ဒုတိယသမ္မတများနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် ဂန္ဓကုဋိတိုက်တော်များ၊ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား စသည့် ဘုရား၊ ကျောင်း၊ ကန်၊ သာသနိကအဆောက်အအုံများကို လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးလာ ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး ကဆုန်လပြည့်(ဗုဒ္ဓနေ့) သရုပ်ပြယာဉ်များကို လှည့်လည်ကြည့်ရှုကြသည်။
ကဆုန်လပြည့်(ဗုဒ္ဓနေ့)ကို ကဆုန်လပြည့် မာရ်အောင်နေ့ဟူ၍ ခေါ်စမှတ်ပြုကြပြီး ကဆုန် လပြည့်နေ့ရောက်တိုင်း ဘုရားအလောင်းဖွားမြင် သည့်အချိန်နှင့်တစ်ချိန်တည်း ဖြစ်တည်ရှင်သန်လာ သည့် မူလမဟာဗောဓိပင်၏ ပင်ပွားဗောဓိပင်များကို မညှိုးနွမ်းစိမ်းလန်း ရှင်သန်စေရန်ဟူသော ဆန္ဒမွန် ဖြင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်ကို သက်တော်ထင်ရှားမြတ်စွာဘုရား၏ မာရ်ငါးပါးကို အောင်မြင်တော်မူမှု အာရုံပြုရည်မှန်း၍ ညောင်ရေ သွန်းဖျန်းလှူဒါန်းပူဇော်ခြင်းအမှုကို ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


