၆ နိုဝင်ဘာ

 

ကော့စတာရီကာနိုင်ငံတွင် အပူပိုင်းမုန်တိုင်း အီတာ တိုက်ခတ်မှုကြောင့် လူပေါင်း ၁၃၆၁ ဦးမှာ ပြည်နယ် ၁၆ ခုရှိ ခိုလှုံရေးစခန်း ၄၁ ခုသို့ ရွှေ့ပြောင်းခဲ့ကြပြီး ကယ်ဆယ်ရေးသမားက ပျောက်ဆုံးနေသူ နှစ်ဦး ရှာဖွေခဲ့ကြသည်ဟု အမျိုးသားအရေးပေါ်ကော်မရှင်(CNE) က ယမန်နေ့က ပြောကြားသည်။

 

CNE ဉက္ကဌ အလက်ဇန်ဒါးဆောလစ် က ပြီးခဲ့သည့် ၁၂ နာရီအတွင်း မြေပြိုမှု၊ ရေကြီးမှုနှင့် အခြားမိုးရွာသွန်းမှုနှင့်ဆက်စပ်သည့်ဖြစ်ရပ်များနှင့် ပတ်သက်သည့် အစီအရင်ခံစာ ၃၀၀ ကျော် ၎င်းတို့အဖွဲ့က လက်ခံရရှိခဲ့သည်ဟု ဆိုသည်။မြေပြိုမှု အစီရင်ခံစာ ၁၂၇ စောင် ရှိကြောင်း ၎င်းက ပြောကြားသည်။

 

အဆိုပါ ပျောက်ဆုံးနေသူနှစ်ဦးမှာ ကိုတိုဘရတ်ပြည်နယ်၏ အာဂူအာ ဗြူနာရှိ နေအိမ်တစ်လုံးတွင် မြေပြိုမှုကြောင့် နစ်မြုပ်သွားခဲ့သည်။

 

ထိုနှစ်ဦးအနက် တစ်ဦးသည် အသက် ၅၀ အရွယ် ဖြစ်ပြီး အခြားတစ်ဦးမှာ အသက် ၆၀ အရွယ် ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် မြေပြိုမှုကြောင့် ပိတ်မိနေဖွယ်ရှိသည်။

 

၎င်းဒေသရှိ အိမ်နီးချင်းများက သတင်းပေးပို့ထားခြင်းဖြစ်ပြီး အတည်မပြုရသေးပေ။

 

ဟွန်ဒူးရပ်စ်နိုင်ငံအပေါ် လက်ရှိတိုက်ခတ်နေသည့် အပူပိုင်းမုန်တိုင်း အီတာသည် ကော့စတာရီကာနိုင်ငံတွင် သောကြာနေ့အထိ သက်ရောက်မည်ဟု မျှော်လင့်ရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို