ဆင်ပေါင်ဝဲ၊ ၂၂ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ဆောင်စမ်းကျေးရွာအုပ်စု ကျောက်ဆောင်စမ်းကျေးရွာ၌ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် သောက်သုံးရေဖူလုံစွာရရှိရေး တူးဖော်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလဒုတိယအပတ်က စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျောက်ဆောင်စမ်းကျေးရွာသည် ယခင်က ကျေးရွာပိုင် စက်ရေတွင်းနှင့် ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန်ရှိသော်လည်း ယခုအခါ အိမ်တိုင်ရာရောက်ရေရရှိရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အမြင့် ၂၀ ပေရှိ ဂါလန် ၂၄၀ဝ ဆံ့ စင်မြင့် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းကို ယခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း၊ အဆိုပါ သောက်သုံးရေရရှိရေး စင်မြင့်ရေစင်တည်ဆောက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၈၇၀၊ လူဦးရေ ၃၄၃၃ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် ရာသီမရွေး သောက်သုံးရေအခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်မီမီအောင်က ပြောပြသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာများသောက်သုံးရေဖူလုံစွာရရှိရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် ကျောက်ဆောင်စမ်း ကျေးရွာအပါအဝင် ကျေးရွာ ၁၁ ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၈၁ ဒသမ၂ သန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၄ သန်း စုစုပေါင်းငွေကျပ် ၁၉၅ ဒသမ ၂ သန်း ကျေးလက်ရေရရှိရေး လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သန်းလွင်(မကွေး)


