ကျောက်ဆည် ၂၂ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကျင်းပပြုလုပ်မည့် ကျောက်ဆည် ဆင်လှူပွဲတော်အလှ ဖိတ်ခေါ်ဓါတ်ပုံပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျောက်ဆည်ဓါတ်ပုံအသင်းထံမှ သိရသည်။
အဆိုပါ ဖိတ်ခေါ်ဓါတ်ပုံပြိုင်ပွဲကို ကျောက်ဆည်မြို့ ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် ကျောက်ဆည်ဓါတ်ပုံအသင်းတို့ ပူးပေါင်းကြီးမှူးကျင်းပခြင်းဖြစ်ပြီး ယခုအကြိမ်မြောက်သည် စတုတ္တအကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်မည့်သူများအနေဖြင့် ဆင်လှူပွဲတော် ကျင်းပသည့် သီတင်ကျွတ်လဆန်း ၁၄ ရက်နေ့ နံနက်ပိုင်း ဖွင့်ပွဲစသည့်အချိန်မှ ဆုပေးပွဲပြီးသည့်အထိ ရိုက်ကူးရမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင်တစ်ဦးလျှင် (၁၀ × ၁၅)လက်မ ရောင်စုံတစ်မျိုးတည်း အများဆုံး (၅)ပုံတင်သွင်းနိုင်ကြောင်း ကျောက်ဆည်ဓာတ်ပုံအသင်းထံမှ သိရသည်။
ပြိုင်ပွဲစည်းကမ်းများအနေဖြင့် ဒရုန်းကင်မရာ၊ ဖုန်းကင်မရာ၊ အက်ရှင်ကင်မရာများဖြင့် ရိုက်ကူးထားသော ဓါတ်ပုံများ၊ ယခင်နှစ်များမှ ရိုက်ကူးထားသော ဓါတ်ပုံများကို လက်ခံမည်မဟုတ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်ဓါတ်ပုံများကို အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ကျောက်ဆည်ဓါတ်ပုံအသင်းဥက္ကဋ္ဌ ဦးမြင့်သန်း၊ (မြင့်သန်း ဓါတ်ပုံတိုက်)၊ ကျောက်ဆည်ဘူတာရှေ့သို့ လည်းကောင်း၊ အထက်မြန်မာပြည်ဓါတ်ပုံအသင်းရုံးခန်း၊ ၃၄ လမ်း၊ ၇၇× ၇၈ လမ်းကြား ရတနာပုံစင်တာ စတုတ္တထပ်သို့ လည်းကောင်း မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
ဆုကြေးများအနေဖြင့် ပထမဆု ငွေကျပ် ၅ သိန်း၊ ဒုတိယဆု ငွေကျပ် ၃ သိန်း၊ တတိယဆု ငွေကျပ် ၂ သိန်း၊ နှစ်သိမ့်ဆု ငါးဆုအတွက် တစ်ဆုလျှင် ငွေကျပ် တစ်သိန်းစီ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျောက်ဆည်ဓါတ်ပုံအသင်းထံမှ သိရသည်။
ကိုမင်း(အင်းတော်)


