ကျောက်ဆည် ၃၁ မေ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါမပြန့်ပွားစေရေးအတွက် ဆိုင်ထိုင်စားသောက်ခြင်းများ ယာယီပိတ်ထားသည့် စားသောက်ဆိုင်များအားလုံးအား ယခုအခါ ပြန်လည် ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့်မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

 

ထို့သို့စစ်ဆေးရာတွင် ပြည်သူလူထု၏ ကျန်းမာရေးကိုထိခိုက်မှုနည်းစေပြီး စိတ်သက်သာမှုရစေရေးနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ဆိုင်သို့ဝင်ရောက်စားသောက်သုံးသူများ အားလုံးအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ပြင်ဆင်ထားရမည့် ဝန်ဆောင်မှုပါ စည်းကမ်းချက် (၁၀)ချက်၊ ဆိုင်ရှင်/ဆိုင်တာဝန်နှင့် ဆိုင်ဝန်ထမ်းများလိုက်နာရမည့် စည်းကမ်းချက် (၁၄)ချက် ၊ စားသုံးသူများဘက်မှလည်း လိုက်နာရမည့်စည်းကမ်းချက်(၇)ချက် တို့အား  စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ အချက်များနှင့် ကိုက်ညီပြီး လိုက်နာဆောင်ရွက်ပါက ဆိုင်များ ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် မကိုက်ညီခဲ့ပါက ပထမအကြိမ်တွင် သတိပေးလက်မှတ်ထိုးခြင်း၊ ဒုတိယအကြိမ်တွင်၊ ဒဏ်ငွေရိုက်ခြင်း၊ တတိယ အကြိမ်တွင် ရက်၊လ အကန့်အသတ်၊ အတိုင်းအတာအချိန်တစ်ခုအထိ ဆိုင်ပိတ်သိမ်းခြင်းများ ပြုလုပ်သွားမည်ဖြစ် ကြောင်းမြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

             

သက်မောင် (ခရိုင်၊ပြန်/ဆက်)