ကျောက်ဆည် ၅ အောက်တိုဘာ

 

ကျောက်ဆည်ဆင်ပွဲ နီးလာသည်နှင့်အမျှ ဆင်ရုပ်ငယ်ကလေးများ အရွယ်မျိုးစုံ ပြုလုပ်ရောင်းချသူများ အချိန်မီ တွင်ကျယ်စွာ ပြုလုပ်နေရသည်။ ဆင်ရုပ်ပြုလုပ်မှုတွင် အစိတ်အပိုင်းအလိုက် အလုပ်ခွဲခြား လုပ်ကိုင်ကြသည်။ မိုကြမ်းပြုလုပ်သည့်အဆင့်၊ ခုံရိုက် အစွယ်ထိုးအဆင့်၊ ဆေးခြယ်သည့်အဆင့်၊ ရွှေချည်ထိုးတပ်ဆင်သည့် အဆင့်များကို ပြုလုပ်ပေးရသည်။

 

ဆင်ရုပ်အကြမ်း ပြုလုပ်သည့်လုပ်ငန်းစဉ်တွင် မိုပေါ်စက္ကူများကို ကော်ဖြင့်ကပ်ကြရသည်။ စက္ကူကပ်ပြီးသည်နှင့် နေလှန်းကြရသည်။ မိနစ် ၂၀ မှ မိနစ် ၃၀ ခန့် နေလှန်းပြီး ခြောက်သွားပါက မိုပေါ်မှအရုပ်ကို ဓါးဖြင့်ခွဲယူကာ တစ်ဆက်တည်းဖြစ်စေရန် ပြန်လည်ဖာထေးပေးကာ နေပြန်လှန်းပေးရသည်။ ဆင်ရုပ်မိုအရွယ်အစား ခုနစ်မျိုး အထိရှိသည်။ လူတစ်ဦးလျှင် ဆင်ရုပ် နှစ်ပေခန့်အရုပ် (၁၀)ရုပ်အထိ ပြီးစီးသည်။ မိသားစုလေးဦး စုပေါင်းလုပ်ကိုင်ပါက တစ်နေ့လျှင် ဆင်ရုပ်အငယ် အကြမ်း ၇၀ မှ ၉၀ ကျော်အထိ ပြီးစီးသည်။ မိုကြမ်းအဆင့်တွင် ဆင်ရုပ်ငယ် တစ်ရုပ်လျှင် ငွေကျပ် ၂၀ဝ ဖြင့် ဖောက်သည်ပေးကြရသည်။ အလတ်နှင့်အကြီးများမှာ အရွယ်အစားအလိုက် ဈေးနှုန်းပိုပေးရသည်။

 

ဆင်ရုပ်ပြုလုပ်သူများမှာ မိုကြမ်းကပ်ခြင်းမှအစ ဆေးခြယ်ခြင်း၊ ရွှေချည်ထိုးခြင်းများကို ကျွမ်းကျင်ကြရသည်။ ကျောက်ဆည်မြို့ ဖောင်ရွာတွင် အိမ်ခြေသုံးရာခန့်ရှိပြီး တစ်ရွာလုံးနည်းနီးပါး ဆင်ရုပ်ငယ်များ ပြုလုပ်ရောင်းချကြသည်။ ဆင်ရုပ်ရောင်းသည့် ဆိုင်များကို ဖောက်သည်ပေးခြင်းများ အပြင် ကျောက်ဆည်ဆင်ပွဲတွင် ကိုယ်တိုင်ရောင်းချသည်လည်း ရှိသည်။ လက်ရှိကာလတွင် ဆင်ရုပ်အကြမ်းပြုလုပ်သူများမှာ အချိန်မီ ပြုလုပ်ပေးနေရပြီး ဆင်ရုပ်ကုန်ချော ပြုလုပ်ရောင်းချသူများ မှာလည်း ခုံရိုက်အစွယ်ထိုးအဆင့်၊ ဆေးခြယ်သည့်အဆင့်၊ ရွှေချည်ထိုးတပ်ဆင်သည့် အဆင့်များ ပြုလုပ်ရန် အဆင့်ဆင့်အပ်နှံကာ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

 

တိမ်တမန်