ကျောက်ဆည် ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃၀ရက်နံနက် ၁၁နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကျောက်ဆည်ခရိုင် ကလေးသူငယ် အခွင့်ရေးများဆိုင်ရာ ကော်မတီ ဥက္ကဌ ဦးအောင်မျိုးသိန်းက ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့်အတွက် ဂရုပြုနေထိုင်ကြရန်၊ ကလေး သူငယ်အခွင့်အရေးဆိုင်ရာဉပဒေနှင့်အညီကော်မတီဝင်များအနေဖြင့်လုပ်ငန်းများဆောင်ရွက်ကြရန်၊ ကလေး သူငယ်အခွင့်အရေးများနှင့်ပတ်သက်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများသိရှိပြီးပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ကြောင်းရှင်းလင်း ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာအောင်က လူမှု ဝန်ထမ်းဦးစီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးဘဝမှ သက်ကြီးဘဝအထိ လူမှုကူညီစောင့်ရှောက် မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကလေးသူငယ် ဖွံ့ဖြိုးရေး၊ ကာကွယ်စောင့်ရှောက်ရေး အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများဖွဲ့စည်းပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ကျောက်ဆည်ခရိုင် ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ ပြုစုစောင့်ရှောက်ခြင်း၊ အသိပညာပေးခြင်း၊ တစ်ကိုယ်ရေးသန့်ရှင်းရေးနှင့်ကျန်းမာရေးကဏ္ဍများ၊ မူခင်းကျဆင်းရေး ကိစ္စရပ်များဆောင်ရွက် လျက်ရှိကြောင်း ဆွေးနွေးပြောကြားကြရာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌက ဒေသနှင့် ကိုက်ညီသည့်အကျိုးရှိသော လုပ်ငန်းများကိုဥပဒေနှင့်အညီဝိုင်းဝန်း ဆောင်ရွက် ပြီး လုပ်ငန်းများအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်တင်ထွေး


