ကျောက်ဆည်၊ မေ ၆

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက ဖွင့်လှစ်သင်ကြားပေးလျကိရှိသည်။

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အရေးပေါ်အခြေအနေ ပဋိပက္ခများအတွင်း ထိခိုက်မှုများ၊ မတော် တဆမှုများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီး တို့၏ အသင်းဝင်၊ တပ်ဖွဲ့ဝင်၊ စေတနာလုပ်အားရှင်များအနေဖြင့် ထိရောက်စွာကူညီနိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ကျောက်ဆည်မြို့နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ အနေဖြင့်လည်း မြို့နယ်အတွင်းနှင့် ပတ်ဝန်းကျင်ဒေသများတွင် ထိခိုက်ဒဏ်ရာရရှိသော လူနာများအား ရှေးဦးပြုစုခြင်း လုပ်ငန်းများဖြင့် ကူညီဆောင်ရွက်ရာတွင် ထိရောက်စွာ ပြုစုနိုင်ရေးအတွက် စွမ်းဆောင်ရည်ပြည့်ဝသော စေတနာလုပ်အားရှင်၊ အသင်းဝင်၊ တပ်ဖွဲ့ဝင်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ခွဲမှူး ဦးပြည်စိုးက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးရိုစီးခြင်း အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ခွဲမှူး ဦးလှိုင်မင်းထက်က အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ သတိလစ်ခြင်း၊ မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွှဲခြင်း၊ ကြွက်သားနှင့် အရိုးဆက် အကြောဒဏ်ရာများအကြောင်းနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်စုမှူး ဦးပြည့်ဖြိုးအောင်က လူနာကိုင်တွယ်ခြင်း၊ သယ်ဆောင်နည်းများ၊  အခြေခံအသက်ကယ်အထောက် အကူပြုနည်းစသည့် ဘာသာရပ်များကို မေလ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်း  ကျေးရွာ(၁၁)ရွာမှ သင်တန်းသား သင်တန်းသူ (၃၀) တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

တင်တင်ထွေး