ကျောက်ဆည် မတ် ၇

 

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးထားသည့် ဆောင်းပဲမျိုးစုံသည် အောင်မြင်ဖြစ်ထွန်းပြီး ယခုအခါ ရိတ်သိမ်းမှုများ ဆောင်ရွက်နေပြီဖြစ်ကာ ၅၀ ရာခိုင်နှုန်း ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ လနှင့် ဒီဇင်ဘာလအတွင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် ဆောင်းပဲမျိုးစုံဖြစ်သည့် ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ ပဲကြား၊ ပဲယင်း၊ ပဲပုပ်၊ မတ်ပဲနှင့် အခြားပဲစုစုပေါင်း စိုက်ဧက ၁၂၅၂၆၅ ဧက စိုက်ပျိုးခဲ့ကြသည်။

 

“တောင်သူတွေအနေနဲ့ဆောင်းပဲ မျိုးစုံစိုက်ပျိုးကြပြီးတော့ ကုလားပဲ တစ်ဧကကို ၁၅ ဒသမ ၃၃ တင်း၊ ပဲတီစိမ်းတစ်ဧကကို ၁၆ ဒသမ ၄၀ တင်း၊ ပဲမျိုးစုံ တစ်ဧကကို ၁၅ ဒသမ ၁၈ တင်း၊ ပဲကြီး တစ်ဧကကို ၁၂ ဒသမ ၈၃ တင်း၊ ပဲကြားတစ်ဧကကို ၁၃ ဒသမ ၈၀ တင်းနဲ့ ပဲယင်းတစ်ဧကကို ၁၂ ဒသမ ၉၃ တင်းလောက် အထွက်နှုန်းရရှိကြတယ်” ဟု ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ညိမ်းထွေးက ပြောကြားသည်။ 

 

ကွင်းဆင်းဆောင်ရွက်

 

ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံ စိုက်ဧက ၅၈၃၇၅ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၂၂၂၄၃ ဧက နှင့် မြစ်သားမြို့နယ်တွင် ၄၄၆၄၇ ဧက စုစုပေါင်း ခရိုင်အတွင်း စိုက်ဧက ၁၂၅၂၆၅ ဧက စိုက်ပျိုးခဲ့ပြီး ဒေသအတွင်းမှ ပဲစိုက်တောင်သူများအတွက် စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းကောင်းမွန်စေရေး အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)