ကျောက်ဆည် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အား ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်ရှိ ကျေးရွာပေါင်း ၄၆ ရွာ၌ စီမံချက်များရေးဆွဲပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းဖြင့် ဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းကို ကျောက်ဆည်မြို့နယ်၌ ၁၂ ရွာ၊ စဉ့်ကိုင်မြို့နယ်၌ လေးရွာ၊ တံတားဦးမြို့နယ်၌ ၁၁ ရွာနှင့် မြစ်သားမြို့နယ်၌ ၁၅ ရွာ၊ ပုသိမ်ကြီးမြို့နယ်၌ လေးရွာ စုစုပေါင်း ကျေးရွာ ၄၆ ရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များအား တိုးချဲ့ရေးဆွဲပြီး ကျေးရွာ၏ လိုအပ်ချက်များကို ဦးစားပေးအစီအစဉ်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။
ပြည်သူလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်၍ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ် ရေးဆွဲခြင်းဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကို အကောင်အထည်ဖော်ရန် ကျေးရွာများကို ရွေးချယ်ရာတွင် အကျိုးခံစားရမည့် အိမ်ထောင်စုများသည့် ကျေးရွာများ၊ စီမံကိန်းဆောင်ရွက်ရန် စိတ်အားထက်သန်သည့် ကျေးရွာများ၊ စည်းလုံးညီညွှတ်မှုရှိသည့် ကျေးရွာများ စသည့်သတ်မှတ်ချက်များဖြင့် ကိုက်ညီသည့် ကျေးရွာပေါင်း ၄၆ ရွာကို သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် စိစစ်ရွေးချယ်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဟု ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က ပြောပြသည်။
မောင်ခိုင်