မန္တလေး မတ် ၂၀

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲသီးနှံကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း၊ ခရိုင်အတွင်း မြေပဲ(ဆောင်း)သီးနှံစိုက်ပျိုးမှုအနေဖြင့် ၁၁၅၇ ဧက စိုက်ပျိုးထားရှိပြီး ၂၁၃ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

မြေပဲ(ဆောင်း)သီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လတွင် တူးဖော်ရကြောင်း၊ စိုက်ပျိုးရာတွင် ပင်ထောင်မြေပဲမျိုးများကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၅၃၀၀၀၀ ကုန်ကျကြောင်း၊ တစ်ဧကလျှင် ၄၅ တင်း ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများနှင့် ဒေသတွင်းဆီစက် လုပ်ငန်းရှင်များက ကျေးရွာများသို့ လာရောက်ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် တောင်သူများက ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း၊ မြေပဲစိုက်ပျိုးခြင်းသည် စားသုံးဆီဖူလုံသည့်အပြင် ဈေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

 

DOCA (မန္တလေး)