မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင် ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက် ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံများကို လည်း စိုက်ပျိုးကြကြောင်း၊ ခရိုင် အတွင်း နေကြာသီးနှံစိုက်ပျိုးမှု အနေဖြင့် ကျောက်ဆည်မြို့နယ် တွင် ၆၅၇ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၁၇၀၃ ဧက၊ မြစ်သားမြို့နယ်တွင် ၄၁၈ ဧက၊ စုစုပေါင်း ၂၇၇၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
နေကြာသီးနှံကို မတ်လနှင့် ဧပြီလများတွင် စိုက်ပျိုးကြပြီး ဇူလိုင်လတွင် ထွက်ပေါ်ကြောင်း၊ နေကြာသီးနှံကို သီးထပ်သီးညှပ် စိုက်ပျိုးမှုနှင့် သီးသန့်စိုက်ပျိုးမှု ဟူ၍ စိုက်ပျိုးကြပြီး အထွက်နှုန်း ကောင်းမွန်သော ရေဆင်းစပ်မျိုး နှင့် ဆင်းရွှေကြာ-၂ နှင့် ဆင်း ရွှေကြာ-၃ မျိုးများကို အဓိကထား စိုက်ပျိုးကြကြောင်း၊ ကြဲပက်စနစ် ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၄-၅ ပြည်ခန့် ကုန်ကျ စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၃၅၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခုအချိန် တွင် နေကြာသီးနှံများ စတင် ရိတ်သိမ်း ထွက်ပေါ်လျက်ရှိရာ တစ်ဧက အထွက်နှုန်းအနေဖြင့် ၁၈-၂၀ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည် မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချ ကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး နှင့် ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချကြကြောင်း၊ ဆီထွက် သီးနှံတစ်မျိုးဖြစ်သော နေကြာ သီးနှံစိုက်ပျိုးခြင်းသည် ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် အထောက်အကူပြုနိုင်သည့်အပြင် အကျိုးအမြတ်များလည်း ရရှိကြောင်း နေကြာစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
DOCA (မန္တလေး)