ကျောက်ဆည် မေ ၂၉

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော နှမ်း(နွေ) သီးနှံကို ကျောက်ဆည်မြို့နယ်၌ ၄၄၂၀၆ ဧက၊ စဉ့်ကိုင်မြို့နယ်၌ ၂၃၄၄၄ ဧက၊ မြစ်သားမြို့နယ်၌ ၂၉၂၀၈ ဧက စုစုပေါင်း ၉၆၈၅၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရ သိရသည်။

 

နှမ်း(နွေ)သီးနှံကို ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စိုက်ပျိုးပြီး ဇွန်လနှင့် ဇူလိုင်လတို့တွင် ထွက်ပေါ်ကြောင်း၊ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများကို စိုက်ပျိုးကြကြောင်း၊ နှမ်း(နွေ) သီးနှံကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့သုံးပြည်ခန့် ကုန်ကျကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၃၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ရှစ်-ကိုးတင်းခန့်ထွက်ရှိကာ အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ယခုအချိန်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် နှမ်း (နွေ) သီးနှံစိုက်ခင်းများမှာ အသီးအပွင့် ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

သတင်းရင်းမြစ် - စီးပွား/ကူးသန်း